Zawgyi & Unicode Changer

Sunday, March 30, 2014

"အရပ်ထဲက ကုလားမကွင်း"

သရဲတစ္ဆေ၊ နာနာဘာဝတွေနဲ့ ပတ်သက်တဲ့ ပရလောကဖြစ်ရပ်မှန်တွေက ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲက ကုလားမကွင်းထဲမှာ အများကြီးရှိခဲ့ဖူးတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းကနေ ခုချိန်ထိ ဟိုတစ သည်တစနဲ့ ခဏခဏကြားရတဲ့ သရဲတစ္ဆေအကြောင်းတွေထဲမှာ ကုလားမကွင်းက တော်တော့်ကို နာမည်ကြီးတာ။ အဲ..... ပြောချင်ဇောကပ်နေတာနဲ့ ကုလားမကွင်းဆိုတာ ဘယ်နေရာမှာလဲဆိုတာ ထည့်ပြောဖို့တောင် မေ့သွားတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တခုထဲမှာပါပဲ။ အတိအကျတော့ မသိချင်ပါနဲ့ဗျာ။ ကျွန်တော်နေတဲ့ရပ်ကွက်ကို ကျွန်တော်ပြောလိုက်တဲ့အကြောင်းတခုကြောင့် မကောင်းသတင်းနဲ့ မကျော်စောစေချင်တဲ့စိတ်ကို နားလည်ပေးကြနော်။
ဆက်ပြောပြမယ်။ ကျွန်တော်တို့ရပ်ကွက်မှာ အထင်ကရဖြစ်တဲ့ ကွင်းကြီးသုံးကွင်းရှိသဗျ။

        ပထမတကွင်းကတော့ အားကစားကွင်း။ အားကစားလို့သာ မြို့နယ်က သတ်မှတ်ထားပေးထားပေမယ့် တကယ်တော့ မီးလောင်ကွင်းတခုပါ။ ညနေစောင်းပြီဆိုရင် ရပ်ကွက်ထဲကရော၊ အနီးအနားရပ်ကွက်တွေက လူကြီးလူငယ်တွေ လာရောက်
ဆော့ကစားကြတဲ့ နေရာတခုပေါ့။ ဒီကွင်းကတော့ ခြောက်တယ်လှန့်တယ်ဆိုတဲ့အသံ တခါမှ မကြားမိပါဘူး။

       ဒုတိယမြောက်ကွင်းကတော့ ဂျမ်ဘိုကွင်းလို့ အမည်တွင်တယ်။ ဘယ်တုန်းက ဘယ်လိုတွင်ခဲ့တဲ့ အမည်နာမမှန်းတော့
ကျွန်တော်လည်း ခုချိန်ထိမသိသေးဘူး။ ဒီကွင်းကတော့ အလယ်တန်းကျောင်းသားတွေနဲ့ လူလတ်ပိုင်းလောက်အရွယ်တွေပဲ
အများဆုံးလာပြီး ဘောလုံးကန်တဲ့ နေရာတခုပါ။ ဒီကွင်းမှာတော့ သွေးထွက်သံယို၊ ထိပ်ပေါက်ခေါင်းကွဲဖြစ်တာတွေ ခဏခဏ
ကြားရတတ်တယ်။ ဘောလုံးကန်ရင်း ရန်ဖြစ်တဲ့အခါလည်းဖြစ်ကြ၊ ကိုယ့်အန္တရာယ်ကိုမမြင်ပဲ နင်းကန်ကစားလို့ ကျိုးပဲ့ထိခိုက်ရှနာတာမျိုးက သဘာဝဆိုတော့ ဒီလိုကြားရတာကအဆန်းတော့ မဟုတ်ဘူးပေါ့လေ။ တကယ်ဆန်းဆန်းပြားပြား
ဖြစ်တတ်တာက တတိယမြောက်ကွင်းဖြစ်တဲ့ ကုလားမကွင်း။

           တတိယမြောက်ကွင်းဖြစ်တဲ့ ကုလားမကွင်းမှာတော့ ဝိသေသထူးတရပ်အနေနဲ့ ရေကန်တကန်ရှိတယ်။ အဲ့ဒီကန်ကို အရပ်ထဲက ကလေးတွေ ရေသွားကစားတတ်ကြတယ်ခင်ဗျ။ လူကြီးသူမတွေကတော့ အဲဒီကုလားမကွင်းထဲကရေကန်မှာ
ကလေးတွေ ရေသွားဆော့တာကို လုံးဝမကြိုက်ကြဘူး။ ရေကန်မှာရေသွားမဆော့ဖို့ မိဘတိုင်းလိုလို ကလေးတွေကို ဆူပူကြိမ်းမောင်းပြီး တားမြစ်လေ့ရှိပါတယ်။ ကလေးတွေဆိုတော့လည်း လူကြီးမိဘတွေဘယ်လောက်တားနေ တားနေ၊
အိမ်ကအုပ်ထိန်းသူတွေမသိအောင် ရေကန်မှာ ရေသွားဆော့တတ်ကြတယ်။ အခြောက်အလှန့်တွေ ဘယ်လောက်ရှိပါတယ်လို့
ပြောနေပစေ၊ ကလေးဆိုတော့ ကိုယ်တိုင်မကြုံရမချင်း သွားကမြင်းတာ သဘာဝပဲမဟုတ်လား။ ကျွန်တော်ကလေးအရွယ်ကတည်းက အဲ့ဒီကုလားမကွင်းမှာ ဘီလူးရှိတယ်၊ လူစားတယ်၊ အခြောက်အလှန့်များတယ်လို့ မကြာမကြာ ကြားခဲ့ရတာ။ ဘယ်လိုကနေဘယ်လို ကုလားမကွင်းဆိုတဲ့နာမည်တွင်တယ်ဆိုတာ ကျွန်တော်လည်းသေချာမသိပါဘူး။ လူကြီးတွေဆီကနေသိရသလောက်ကတော့ဖြင့် ကျွန်တော်တို့နေတဲ့ရပ်ကွက်ကြီးက ဟိုး အင်္ဂလိပ်ကိုလိုနီများ အုပ်စိုးစဉ်ကာလတုန်းက  အိန္ဒိယမာမူကြီးတွေ ပိုင်ဆိုင်ခဲ့တဲ့မြေတဲ့ဗျ။ လွန်ခဲ့တဲ့ ခုနှစ်လောက်တုန်းက ရပ်ကွက်မှာမီးလောင်မှုဖြစ်သေးတယ်။ မီးလောင်ပြီးကျန်ရစ်တဲ့ မီးလောင်မြေနဲ့ ရပ်ကွက်ကျူးကျော်နေရာတွေကို အရင်နယ်ချဲ့ခေတ်တုန်းက ဒီရပ်ကွက်မှာကြီးစိုးခဲ့ကြတဲ့ မာမူကြီးတွေရဲ့ ဆွေတော်မျိုးတော်တွေ မျက်စိကျလို့ ဒီရပ်ကွက်ထဲက မြေအားလုံးကို ပိုင်ဆိုင်ပါတယ်ဆိုပြီးတော့ ပိုင်ဆိုင်မှုလုယက်တာတွေတောင် ဖြစ်ဖူးသေး။ ကျွန်တော့်စိတ်ထင်တော့ ကုလားမတယောက် အသက်ဆုံးထိနေခဲ့တဲ့ကွင်းမို့ ကုလားမကွင်းလို့ ခေါ်ကြတယ်ထင်တာပဲ။
ကုလားမကွင်းသမိုင်းကို နောက်ကြောင်းပြန်နေရတာနဲ့တင် လိုရင်းကိုမရောက်တော့ဘူး။ ဆက်ဦးစို့ရဲ့ .......။

          အရင့်အရင်တုန်းကတော့ ကုလားမကွင်းထဲက ရေကန်က တနှစ်ကိုတခါ လူစားတယ်လို့ လူပြောများသဗျ။ ဟုတ်မဟုတ်ဆိုတာတော့ ကျွန်တော်လူမှန်းသိတတ်စကတည်းက တခါမှ မျက်မြင်ကိုယ်တွေ့မကြုံသေးတော့ တိတိကျကျပြောဖို့ ခက်သား။ အစ်ကိုဝမ်းကွဲတယောက်ကတော့ ခရစ်စမတ်နေ့အထိမ်းအမှတ်အနေနဲ့ အရူးထပြီး ကုလားမကွင်းနားမှာသွားပြီး
ညအချိန်မတော် တနာရီ၊ နှစ်နာရီလောက်မှာ သူ့အပေါင်းအသင်းတွေနဲ့အတူတူ ဓါတ်ပုံရိုက်တုန်းက ဓါတ်ပုံထဲမှာ ကုလားမကြီး
တယောက်သူတို့နောက်နားမှာ ရပ်နေတဲ့ပုံ ဝိုးတိုးဝါးတားပေါ်လာတယ်လို့ပြောဖူးတယ်။(ညီအစ်ကိုတွေဆိုတော့ ဆေးထိုးတတ်တဲ့ သဘာဝလေးကရှိပြန်တော့ သူပြောတာ ယုံရခက်၊ မယုံရခက်ရယ်)။ နောက်ထပ်ကြားဖူးတာတခု ကျန်နေသေးတယ်။ မိဘတွေမသိအောင် ကန်ထဲရေသွားကူးတဲ့ ရပ်ကွက်ထဲက ဥမမည်၊ စာမမြောက်လေးတွေ ရေအောက်ကနေ ခြေထောက်လှမ်းဆွဲတာ ခံရတယ်တဲ့ခင်ဗျ။ ကလေးစကားဆိုတော့လည်း ဘယ်လိုလုပ် အတည်ပြုလို့ ရလိမ့်မတုန်းနော့။ ကလေးအချင်းချင်း စချင်၊ နောက်ကျလို့ တယောက်ယောက်က ရေထဲဆင်းငုပ်ပြီး ခြေထောက်ကိုဆွဲတာလည်း မဖြစ်နိုင်ပေဘူးလား။  ကျွန်တော့်အသိတယောက်ကတော့ သူငယ်ငယ်တုန်းက ကြုံဖူးတာလေးပြောပြဖူးတယ်။ သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ကုလားမကွင်းနားမှာရပ်ပြီး စကားပြောနေတုန်းမှာ အသားအရည်ဖြူဖွေးဆွတ်နေတဲ့လူတယောက် ကုလားမကွင်းထဲကိုဝင်သွားပြီး ကွင်းထဲက ကန်ရေပြင်ပေါ်မှာ လမ်းလျှောက်နေတာကို အမှတ်မထင်တွေ့လိုက်ရဖူးတယ် ဆိုပဲ။ ကုလားမဆိုတာမျိုးက မီးသွေးခဲနဲ့ အမျိုးတော်၊ ကတ္တရာစေးနဲ့ အိမ်နီးချင်း၊ ကပ္ပလီနဲ့ ကျောင်းနေဘက်လို မဲနက်နေတာက ခပ်များများရယ်။ ခုဟာက ဖွေးဆွတ်အောင်ဖြူနေတယ်ဆိုတော့ စဉ်းတော့ စဉ်းစားစရာမကောင်းပေဘူးလား။ သူကိုယ်တိုင်တကယ်မြင်ပါတယ်လို့
အတည်ပေါက်နဲ့ပြောနေပြန်တော့ ဒီကွင်းမှာရှိရင်လည်း ရှိပေလိမ့်မပေါ့လို့ပဲ စိတ်ထဲတွေးလိုက်ပါတယ်။

        အရင့်အရင်တုန်းက အခြောက်အလှန့်ကြမ်းပြီးလူခဏခဏစားပါတယ်ဆိုတဲ့ ကုလားမကွင်းမှာ ခုနောက်ပိုင်းဘာကြောင့် ဒီကိစ္စတွေမကြားရတော့တာပါလဲလို့ လာမေးရင်တော့ ကျွန်တော်လည်း ဖြေမတတ်တာအမှန်ပဲ။ အဲ့ဒီလို ပဟေဠိတွေနဲ့ပုစ္ဆာဆန်ဆန် နာမည်မလှတဲ့ ကုလားမကွင်းထဲကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ရဲ့ ညတညမှာ လူသုံးယောက် ရောက်လို့လာပါတော့တယ်။ ဇာတ်လမ်းစပါပြီ................။

          မနေ့တနေ့ကမှ မိုးရွာတာဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်အချိန်ကာလမှာ ရန်ကုန်ရဲ့ညတွေက နွေအရှိန်အောက်မှာ လူးလှိမ့်နေအောင်ပူတာပေါ့ဗျာ။ တန်ခူးကဆုန် စွေ့စွေ့ခုန်ရယ်လို့တောင် စာချိုးရှိသေးမဟုတ်လား။ နေ့ရော၊ ညရော ပက်ပက်စက်စက်ပူနေချိန်မှာ မီးကလည်းမလာရင် ပန်ကာလည်း ဖွင့်မရပြုမရနဲ့ ဒုက္ခက တယ်မသေးလှဘူး။ ပြောနေရင်းနဲ့ ဆင်ဆာငြိမယ့်ဟာတွေက ပါလာပြီ။ ကိုယ့်လက်ကို ဆင်ခြင်မှ။ မီးကိစ္စကိုအသာထားလို့ ဟိုလူသုံးယောက် ကုလားမကွင်းထဲ ဘာလာလုပ်ကြတယ်ထင်တုန်း။ အပူဒဏ်ကိုအံတုရင်းနဲ့ ပုလင်းထောင်ဖို့အတွက် ကွင်းထဲကို ချီတက်လာကြတာ။ တယောက်ရဲ့ နာမည်က အောင်သူ၊ နောက်တယောက်က အေးမင်း၊ အရပ်မောင်းကောင်းကောင်းနဲ့ ဗလတောင့်တောင့် အသားမည်းမည်းတယောက်ကတော့ မဲကြီး။ သူတို့သုံးယောက်ထဲက အေးမင်းဆိုတဲ့လူက အရင်ဆုံးစကားစလာတယ်။

ဟေ့ကောင် အောင်သူ..။ ငါတို့ ဘယ်မှာသွားသောက်ကြမှာလဲ

အေးမင်းအမေးကို အောင်သူက “ မင်းကလည်း ဒီကောင့်စက်ရုံရှေ.မှာ သောက်မှာပေါ့ ဒီလောက်ပူနေတာ.. ” လို့ ခပ်ပေါ့ပေါ့လေး ပြန်ဖြေလိုက်တယ်။ သူပြောတဲ့ ဒီကောင်ဆိုတာက မဲကြီးကိုပြောတာ။ မဲကြီးအလုပ်လုပ်တဲ့ စက်ရုံရှေ့မှာဆိုရင်
ကုလားမကွင်းလေ။ ခါတိုင်းလည်း ဒီကွင်းထဲမှာ ပုလင်းထောင်နေကျ။ သောက်ထားတဲ့အရှိန်နဲ့ဆိုတော့ ဘေးဘီမှာ ဘာဖြစ်လို့ ဖြစ်မှန်းမသိတာပဲလားဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာ။ ခုတခေါက်လည်း နေ့ခင်းဘက်နေပူရှိန်ကြောင့် နွေခေါင်ခေါင်မှာ ကွင်းပြောင်ပြောင်ထဲ အေးအေးဆေးဆေး ဆက်ရက်မင်းစည်းစိမ်ခံစားရမယ့်အရသာကိုတွေးရင်းအူမြူးနေကြတာ။


        ကွင်းအလယ်မှာ ပုလင်းတည်၊ နေရာအခင်းအကျင်းလေးနဲ့ အမှန်အကန်တွယ်မယ်ဆိုပြီး ယူလာတဲ့အမြည်းက အမဲသားကြော်။ ဒီလောက်နာမည်ကြီးလှပါရဲ့ဆိုတဲ့ ကုလားမကွင်းမှာ အမဲသားနဲ့ အရက်ကို သတိလက်လွတ်၊ ပျော်ပျော်ကြီးသုံးဆောင်မှီဝဲရင်း ပေါက်ကရတွေ ပြောချင်တိုင်းပြောနေလိုက်ကြတာ ရပ်ကွက်ကင်းတဲက ညတနာရီသံချောင်း “ ဒေါင် ” ခနဲ ထိုးသံကြားမှပဲ “သားကြီးတို.ရေ တစ်ချက်လည်းထိုးပြီ အဲ့လောက်နောက်ကျနေရင် အိမ်ကလည်း သိပ်မကြည်ဘူးဟ ပြန်ကြရအောင် ” ဆိုတဲ့ အသံထွက်လာတော့တယ်။ သူ့စကားကို
 “ အေ့... မင်းကလည်းကွာ ဒီမှာကျန်တာလေးတွေ အကုန်လတ်စသတ်ပြီး တို.တူတူပြန်မှာပေါ့ဟ အေးဆေးပေါ့ ”  လို့
အောင်သူက ယမကာလုလင်လေသံလေးနဲ့ ပြန်ဖြေတယ်။ ဟိုတကောင် မဲကြီးလား။ ဒင်းကိုတော့ စကားထဲတောင်ထည့်မပြောချင်ဘူး။ နောက်ဆုံးလက်ကျန်လေးကို ရေမပါ၊ အမြည်းဗလာနဲ့ ဂလု ဆိုပြီးမော့ချလိုက်တာ ရေသောက်နေသလိုပဲ။ သူသောက်နေတာကိုကြည့်ပြီးတော့ အေးမင်းက  “ အားပါးပါး ဒီကောင်တော့ ကြာကြာမခံတော့ဘူး အလွန်ဆုံး ခြောက်လပဲ အသည်းကင်ဆာနဲ. ရှောမယ့်ကောင် ”  ဆိုပြီးတော့တောင် နောက်လိုက်သေး။ မဲကြီးဆိုတဲ့ကောင်က စကားနည်းပေမယ့် ပေါင်းလို့သင်းလို့တော့ အကောင်းသား။
ဒါပေမယ့် ဒီကောင်က မဟုတ်ရင်မခံတတ်တဲ့လူစား။ သူ့ကိုသွားစရင်လည်း လက်က ဘာသွက်သလဲတော့မမေးနဲ့။ ဟိုဖက်က ဘာမှတောင် မလုပ်ရသေးခင် သူ့လက်သီးက ရောက်နှင့်ပြီ။ မဲကြီးတို့က အဲ့လိုကောင်စား။

       အေးမင်းက “ ဟေ့ကောင်တွေ ကုန်ရင်တော့ ပြန်ကြမယ်ကွာ ပုလင်းခွံတွေထားခဲ့လိုက်တော့ ” ဆိုပြီး ထိုင်ရာက ထလိုက်တယ်…။ မဲကြီးလည်း အိမ်ပြန်ချင်နေပုံရပါတယ်။ သူလည်း သူတို့သောက်ထားစားထားကြတဲ့ အမှိုက်တွေကိုတစ်နေရာမှာ စုထားပြီး ပြန်တော့မယ့်ပုံပေါ်နေတော့ထိုင်နေလို.မကောင်းတော့ဘူးလို့ အောင်သူ တွေးမိတယ်ထင်ပါရဲ့။ထိုင်ရာကထမယ်အလုပ်မှာ မဲမဲအတုံးလေး တစ်ခုကို မူးနေတဲ့ကြားက တွေ့ဖြစ်အောင်ကို တွေ.လိုက်တယ်..။“ အမယ်… ဒီနေ.တယ်ဟုတ်ပါလား အရည်သာကုန်သွားတယ် ဒီမှာ အမြည်းလေးတစ်တုံး ကျန်နေသေးတယ် ” ဆိုပြီး အမဲသားတုံးလေးကို ကောက်ကိုင်လိုက်တယ်…။ “ အောင်သူ အဲ့ဒါကို ထားခဲ့လိုက်စမ်းပါကွာ ” လို. မဲကြီးက ပြောတယ်။ “ "မင်းကလည်းကွာ တစ်တုံးလည်းတစ်တုံးပဲ မထားခဲ့ပါဘူး ” လို. ပြောပြီး အမဲသားတုံးလေးကို ကိုင်ပြီးအထမှာ သူ့လက်က ဘယ်လိုမှကို လှုပ်လို့မရတော့ဘူး။ “ ဟေ့…. ဟေ့ကောင်တွေ င့ါလက်လှုပ်လို. မရတော့ဘူး။ ငါ့လက်လှုပ်လို.မရတော့ဘူး ။ လုပ်ကြပါဦးဟ"  ဆိုပြီးတော့ လိပ်ခေါင်းထွက်မတတ် လည်ချောင်းသံနဲ့ အော်တော့တာပဲ။

“ အောင်သူ မနောက်နဲ.ကွာ ပြန်ပါမယ်ဆိုကွာ အမေငါ့ကို စိတ်ဆိုးတော့မယ် ” အေးမင်းကပြန်ပြောတယ်….။
“ ငါ… ငါတကယ်ပြောတာပါကွာ ငါ့လက်တွေ တကယ်လှုပ်လို. မရတော့ဘူး… ” အောင်သူ. အပြောက ကြောက်သံလေးတွေ ပါလာပြီ။  ပြောနေတဲ့ပုံစံကိုက ငိုမဲ့မဲ့နဲ့။ “ ငါ့လက်ကို တယောက်ယောက် ဆွဲထားတယ်ကွ။"  ပြောနေရင်းနဲ့ အောင်သူ့ခမျာ သူ့လက်ကိုတောင် သူပြန်မကြည့်ရဲတဲ့ပုံစံမျိုးဖြစ်နေပြီ။
“ အား… ငါ့လက်ကိုဆွဲထားတာ အားပြင်းလာပြီ ငါရွေ.နေပြီ လုပ် လုပ်ပါအုံးကွာ ” လို့ ထပ်ပြောပြန်ရော။
ခြေထောက်ကို အတင်းရုန်းပြီး ဟိုနှစ်ကောင်ရှိတဲ့ဆီကို လျှောက်နေပေမယ့် ကွင်းထဲကိုပဲ တရွေ့ရွေ့နဲ့ တရွတ်တိုက်ပါနေတာ။
သူအရက်မူးနေတယ်ဆိုပေမယ့် လမ်းကောင်းကောင်းလျှောက်နိုင်မှန်းတော့ သူ့ကိုသူသိတယ်။ ဒါပေမယ့် ဘာမှန်းမသိ ညာမှန်းမသိနဲ့ မမြင်ရတဲ့ အရာတခုက သူ့လက်ကိုဆွဲပြီး ကွင်းထဲကို ဆွဲသွင်းတာခံနေရတာ။ မျက်စိရှေ့တည့်တည့်မှာ မြင်နေရတဲ့ မြင်ကွင်းကို မှင်သက်ကြည့်နေကြရင်းနဲ့ အရင်ဆုံးသတိဝင်လာတာကတော့ မဲကြီး။ အောင်သူ့ဘေးနားက လေထုထဲကို သူ့လက်သီးတချက် ပစ်သွင်းထည့်လိုက်တယ်။ ဘာမှမရှိတဲ့ လေထဲကနေ  တခုခုကို ထိုးမိလိုက်တဲ့ “ ခွပ် ” ဆိုတဲ့ အသံတခုကို သူတို့အားလုံး သေချာကြားလိုက်ရတယ်။ အဲ့ဒီအသံထွက်လာပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ အောင်သူ့လက်လည်း လှုပ်လို့ရသွားတယ်။ သူ့ခမျာ ကြောက်အားလန့်အားနဲ့ သူ့လက်ထဲဆုပ်ထားတဲ့ အမဲကြော်တုံးကို ကွင်းထဲဘက်ကို လွှင့်ပစ်လိုက်တယ်။ အဲ့ဒီအချိန်မှာ အေးမင်းက “ ဟေ့ကောင်မဲကြီး.... ဟို.... ဟိုမှာကြည်.စမ်း ကုလားမကွင်းရေကန်ထဲကနေ မီးလုံးကြီးနှစ်လုံး တတ်လာပြီ… ” အော်သံကြားလို့ ကန်ဘက်ကိုလည်းကြည့်လိုက်ရော ဘာတွေ့တယ်မှတ်တုန်း။ ကန်ထဲကနေ မီးလုံးကြီးနှစ်လုံးတက်လာပြီးတော့ သူတို့သုံးယောက်ရှိနေတဲ့ဘက်ကို ဦးတည်ပြီးလာနေတာ။ ကျန်တဲ့နှစ်ကောင်က ပါးစပ်လေးတွေ ဟပြီး ငေးကောင်းတုန်းရှိသေးတယ်။ မဲကြီးတို့ မြန်ချက်က အဲ့မီးလုံးနှစ်လုံးထဲက တစ်လုံးကို ပြေးထိုးတော့တာပဲ။ ပါးစပ်ကလည်း အယုတ္တ၊ အနတ္တ တွေ့ကရာဆဲနည်းပေါင်း အသင်္ချေနဲ့ ဆဲရင်း ထိုးနေလိုက်တာ။ တအောင့်လောက်ကြာတော့ မီးလုံးနှစ်လုံးစလုံး ရေကန်ဘက်ကို ရွေ့သွားပြီး ပျောက်သွားတယ်။ ဟို မီးလုံးနှစ်လုံးသာပျောက်သွားတယ်။ မဲကြီးပါးစပ်ကတော့ အဆဲမရပ်သွားဘူး။  ငါဟိုးဒင်းမ ..ကုလားမ၊ အဝှာသည် မ.... အို စုံနေရော။ ဘေးနားမှာများ ကုလားမစစ်စစ်တယောက်ရှိနေရင် အဲ့ဒီအချိန်မှာ မောင်းတောအရေးအခင်းလိုမျိုး နောက်တကြိမ်ပြန်ဖြစ်လောက်အောင် ကုလားမကို ပျစ်ပျစ်နှစ်နှစ်ဆဲတာ။

Creadit By(အက်ဒမင်-ရွာတော်ရှင်)

နောက်ကင်းမှ ပလာတာမျက်နှာ

ကျွန်တော့်အဖေက စစ်မှုထမ်းတဦးမို့ ကျွန်တော်ကလေးဘဝမှာ အဖေတာဝန်ကျရာတပ်ရင်းဌာနချုပ်တိုင်းကို ကျွန်တော်တို့မိသားစု လိုက်ပြောင်းပြီး နေခဲ့ကြရတာပေါ့။ အဲ့ဒီလိုနဲ့ အဖေတာဝန်နဲ့ပြောင်းရွှေ့ရတဲ့ တပ်တတပ်ကိုအရောက်မှာတော့ တစ္ဆေသရဲနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် ပထမဦးဆုံးအတွေ့အကြုံတခုကို စတင်ကြုံရဖို့ ဖြစ်လာရော ဆိုပါတော့။


            အဲ့ဒီတပ်မှာ နောက်ကင်းဆိုတာရှိတယ်။ နောက်ကင်းမှာ လိုင်းခန်းတွေအတွက် အိမ်သာတွေဆောက်ထားပြီး နောက်ကင်းရဲ့ပတ်ဝန်းကျင်မှာလည်း သစ်ပင်ကြီးတွေအုံ့ဆိုင်းပြီး ဆုးချုံတွေလည်း ရှိတယ်။ လူသွားလူလာလည်းပြတ်တာကြောင့်မို့ ညနေ နေဝင်ချိန်ဆိုရင် ဘယ်သူမှ အဲ့နောက်ကင်းနားကို အသွားအလာ မလုပ်ချင်ကြဘူး။
တဆင့်စကားနဲ့ ကောလဟာလလိုလိုကြားရတာ တခုကလည်း နောက်ကင်းနားမှာ သရဲခြောက်သတဲ့။


            မိုးတွေတအားရွာပြီး လေတွေနင်းကန်တိုက်တဲ့ တညမှာတော့ နောက်ကင်းမှာ ဦးအုန်းဆိုတဲ့ လူကြီး ကင်းစောင့်တာဝန်ကျပါတယ်။ အများသိကြတဲ့အတိုင်းပဲ မိုးရွာပြီဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ မီးကလည်း ပြတ်သွားရော။
ပတ်ဝန်းကျင်တခုလုံး အမှောင်အတိဖုံးပြီး မိုးသံလေသံတွေနဲ့ ခြောက်ခြားစရာကောင်းနေချိန်မှာ နောက်ကင်းရဲ့ ကင်းတဲလေးထဲမှာ ဦးအုန်းတယောက်တည်း ကြောက်ကြောက်နဲ့ ကင်းစောင့်နေရတယ်။ လျှပ်စီးတွေ တဖြတ်ဖြတ်လက်၊ သစ်ပင်တွေကလည်း အမှောင်ထဲမှာ လေတိုက်လိုက်တိုင်း ဘယ်ညာယိမ်းထိုးပြီး စိတ်လှုပ်ရှားစရာကောင်းနေချိန်မှာပဲ နောက်ကင်းနားမှာရှိနေတဲ့
ပေသီးပင်ပေါ်ကနေ အရိပ်ဖြူဖြူကြီးတခုက ဇောက်ထိုးဆင်းလာတာကို ရုတ်တရက်လက်သွားတဲ့ လျှပ်ရောင်ကြောင့် ဦးအုန်းသေချာမြင်လိုက်ရတယ်။  မြင်မြင်ချင်းတော့ ဦးအုန်းစိတ်ထဲမှာ အိမ်သာလာတက်တဲ့လူတွေကို ချောင်းကြည့်ချင်လို့ တယောက်ယောက်များ ပေပင်ပေါ်တက်ပုန်းရင်းက မိုးတအားရွာလာလို့ ပြန်ဆင်းလာတယ် ထင်လိုက်တာ။ ခဏနေမှ သတိထားမိသွားတာက လူဆိုရင် အပင်ပေါ်ကနေ ဇောက်ထိုးဘယ်လိုဆင်းလာနိုင်ပါ့မလဲဆိုတာကိုပဲ ။ ဒါနဲ့ ဘာကြီးပါလိမ့်ဆိုပြီး
အမှောင်ထဲမှာ သတိထားစောင့်ကြည့်နေရင်းက နောက်တကြိမ်လျှပ်စီးအလက်မှာ အဲ့ဒီဖြူဖြူအရိပ်ကြီးကို သဲသဲကွဲကွဲထပ်မြင်လိုက်ရတော့ မျက်နှာတခုလုံးကို ဆံပင်ရှည်တွေနဲ့ ဖုံးနေတာတဲ့ဗျ။ အဲ့ဒီအရိပ်ဖြူဖြူကြီးက အပင်ပေါ်ကနေ မြေပြင်ပေါ်ရောက်လာတော့ ဦးအုန်းရှိနေတဲ့ နောက်ကင်းတဲဆီကို တဖြည်းဖြည်းချင်းလမ်းလျှောက်လာနေတာ။
ဦးအုန်းခမျာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပဲ အသက်ရှူ ဖို့တောင်မေ့နေပြီး အဲ့ဒါကြီးကိုပဲ မျက်လုံးပြူးပြီး မျက်တောင်မခပ်တမ်း ကြည့်နေမိတော့တာ။ သူကြည့်နေတုန်းမှာပဲ သူရှိနေတဲ့ကင်းတဲထဲကို အဲ့ဒီဖြူ ဖြူ ကြီး ဝင်လာပြီး သူ့ဘေးနားမှာ လာထိုင်နေပါလေရော။ ဦးအုန်းတကိုယ်လုံး ကြောက်စိတ်နဲ့ တဆတ်ဆတ်တုန်နေပြီး (ကန်တော့ပါရဲ့ ) ရှုရှူးတွေတောင် ထွက်ကြကုန်တော့တာပဲ။  ကြောက်အားလန့်အားနဲ့ အဲ့ ဖြူ ဖြူ ကြီးကို ကြည့်လိုက်မိတော့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေလည်း မရှိပဲ ပလာတာကို မျက်နှာမှာ ကပ်ထားသလို ပြောင်ချောကြီးနဲ့တဲ့။ အဲ့ဒီ ပလာတာမျက်ခွက်ကြီးကို တွေ့သွားတော့မှ ဦးအုန်း သတိဝင်လာပြီးတော့ " အမယ်လေးဗျ .... သရဲ  သရဲ " ဆိုပြီး ငယ်သံပါအောင် အော်ဟစ်ပြီး ထပြေးတော့တာ။



             အိမ်ပြန်ရောက်တော့ သတိလစ်သွားပြီး သုံးရက်လောက် အပြင်းဖျားတော့တာပဲ။ ဦးအုန်း နာနာဘာဝနဲ့ တွေ့လာခဲ့ပြီး နောက်နေ့မနက်မိုးလင်းချိန်မှာတော့ အဲ့ဒီပေပင်ကြီး မိုးကြိုးပစ်ခံထားရသလိုမျိုး မည်းနေပြီး အပင်ကြီးလည်းလဲကျနေတာကို တပ်ထဲက လူတွေအားလုံးတွေ့လိုက်ကြရတယ်။ ပေပင်နားမှာ ပုတ်သင်ညိုတကောင်သေနေတာကိုလည်း အားလုံးမြင်လိုက်ရတယ်။ ကျွန်တော်တို့တပ်ထဲမှာ နေတာကြာပြီဖြစ်တဲ့ အဖွားကြီးတယောက်ပြောတာကတော့ သစ်ပင်မှာနေတဲ့ နာနာဘာဝတွေဆိုတာ လူကို ခြောက်လှန့်နှောင့်ယှက်ရင် သူတို့ရုက္ခဥပဒေဒဏ်သင့်လို့ ဒဏ်ခတ်ခံရတတ်သတဲ့။ ကိုယ့်ကို ဘာမှ အန္တရာယ်မပြုတဲ့ လူသားတွေကို ခြောက်လှန့်မိရင် အထက်နတ်ကြီးတွေက ပြစ်ဒဏ်ပေးတာကို ခံရတယ်လို့ ပြောတာပဲ။ ဟုတ်သလား မှန်သလားဆိုတာတော့ မသိဘူးရယ်။
ဦးအုန်းအဖျားပျောက်လို့ မေးကြည့်တော့ သူတွေ့ခဲ့တာ အတော်ကြောက်စရာကောင်းဆိုပဲ။ အဲ့ဒီပလာတာမျက်ခွက်ကြီး သူ့ဘေးနားမှာ လာထိုင်နေတော့ အနံ့တခုမွှေးကြို င်နေတာကို သတိထားမိလိုက်တယ်တဲ့။ ဦးအုန်းပြောတာကို နားထောင်ရတော့
ကိုယ်တိုင်တောင်မှ ပလာတာမျက်ခွက်ကြီးကို တွေ့ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ ဒါပေမယ့် အဲ့ဒီတပ်ကနေ နောက်ထပ်တခြားတပ်တတပ်ကို ပြောင်းလာတဲ့အထိ နောက်ကင်းဘက်ကို မရောက်ဖြစ်တော့ဘူး။ ပလာတာကို ကြောက်ရတာထက်  " နောက်ကင်းဘက်ကို ခြေဦးလှည့်ရင် အိမ်ခေါင်းရင်းက ကြိမ်လုံးကို အရင်ကြည့်ထား " ဆိုတဲ့ အမေ့ရဲ့ သြဝါဒစကားကြောင့်ပါပဲ။
Credit to http://zawzawko007.multiply.com/journal/item/152

(၁၉)မိုင် အန္တရယ်ကုန်းဆင်း

မန္တလေးကနေ ပြင်ဦးလွင်ကို သွားမယ်ဆိုရင် (၁၉) မိုင် ဆိုတာရှိပါတယ်။
မန်းလေးနဲ့  ပြင်ဦးလွင် အလယ်လောက်မှာ ရှိတာပါ။ အဲဒီနားမှာ ကားလမ်းက ဆင်ခြေလျှောဇောက်ကြီး ဖြစ်နေပြီး အဲဒီ လျှောဇောက်ပြီးတော့မှ အကွေ့ ပြန်ဖြစ်သွားပြီး တောင်ကိုပတ်တဲ့ လမ်းပြန်ဖြစ်သွားတာပေါ့ ။ အကွေ့ လမ်းတစ်ဖက်မှာလည်း ချောက်ကမ်းပါးကြီးရှိနေပြန်ပါသေးတယ်။
အဲဒီနေရာမှာ ကားတွေ ခဏ ခဏ မှောက်၊ လူတွေသေခဲ့ ကြ။ ဒဏ်ရာတွေ ရကြနဲ့ မနည်းပါဘူး။
အဲဒါကြောင့်မို့လည်း  တာဝန်ရှိသူတွေက ယာဉ်မောင်းတွေ သတိနဲ့ မောင်းနိုင်အောင် ကားမှောက်မှုတွေမှာ
သေဆုံး ဘယ်နှစ်ယောက် ၊ ဒဏ်ရာရ ဘယ်နှစ်ယောက်ဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့ ကို ရေးထားပေးပါတယ်။ ဒါပေမဲ့ ခဏခဏ ဖြစ်တုန်း မှောက်တုန်း၊ သေတုန်းပါပဲ။ ဟိုးအရင်တုန်းကတည်းက ဖြစ်နေတာပါ ..။


               (၁၉၈၀) ခုနှစ်ဝန်းကျင်ကာလအချိန်တုန်းက  ပြင်ဦးလွင်မြို့၊ ဆေးတပ်မှာ တာဝန်ကျနေတဲ့ ကျွန်တော့် ဦးလေးတစ်ယောက် တပ်ရဲ့တာဝန်ကိစ္စတခုအတွက် မန်းလေးကို ညကြီးမိုးချုပ် ဆင်းဖို့ အကြောင်းပေါ်လာပါလေရော။ ဦးလေးလည်း သူ့ရဲ့ယာဉ်မောင်းရဲဘော် တယောက်နဲ့အတူ တပ်ပိုင် ဂျစ်ကားလေးနဲ့ ထွက်လာခဲ့ကြတယ်။
ညကြီးမိုးချုပ် အရေးပေါ်တာဝန်နဲ့ သွားရမယ့် ခရီးဆိုတော့ တပ်ထောက်မော်တော်ယာဉ်ဌာနကနေ ယာဉ်ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်တဲ့ ဂျစ်ကားလေးကို ယူလာခဲ့ကြတယ်လေ။ ကားလေးကလည်း အတော်ကောင်းပါတယ်။
အခုပြောပြမယ့် ကုန်းဆင်းမရောက်ခင် အချိန်အထိ ခရီးလမ်းက ချောချောမွေ့မွေ့နဲ့ပါပဲ။


          အဲဒီကုန်းဆင်းလည်းရောက်ရော ပြဿ     နာက စဝင်လာတော့တာပါပဲ။  ယာဉ်မောင်းရဲဘော်က ဒီလမ်း၊ ဒီခရီးရဲ့ အထာကို
သိတန်သလောက် သိထားသူမို့ ဂီယာကြီးကို ပြောင်းလိုက်ပြီးသတိနဲ့ မောင်းလာခဲ့ပေမယ့်
ရုတ်တရက် ဂီယာက ပြုတ်ထွက်ပြီးတော့ ဖရီးမှာဖြစ်သွားတယ်။ စဉ်းစားကြည့်လေ  ကုန်းဆင်းမှာ ဖရီးဝင်နေမှတော့ ဒီကားရဲ့ အရှိန် ဘယ်လို ဖြစ်နေမလဲဆိုတာ စိတ်ကူးကြည့်တာနဲ့တင် ရင်ခုန်လောက်တယ်။ ဘေးမှာကလည်း ချောက်ကမ်းပါးက ရှိနေသေးတာ။ ဒါနဲ့ ကလပ်ကို နင်းပြီးတော့ ဂီယာ
ပြန်ထိုးတော့လည်း  မရပြန်ဘူးတဲ့ဗျာ။ ကားမောင်းတဲ့ ရဲဘော်ခမျာမလည်း တောင်ပေါ်ခရီး၊ ချမ်းချမ်းစီးစီးပေမယ့် တကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီ။ ဂီယာဘယ်လိုမှ သွင်းမရတော့လို ဘရိတ်ကိုနင်းလိုက်ပြန်တော့ ဘရိတ်က မာမသွားပဲပျော့နေတယ် ။ သိလိုက်ပါပြီ ဒီလိုဖြစ်တယ်ဆိုရင် ဘရိတ်ပေါက်တာပဲပေါ့။ အဲ့ဒီခေတ်တုန်းကသုံးတဲ့ ဂျစ်ကားတွေက ကလပ် နဲ့ ဘရိတ် အုံက တစ်ခုတည်းဆိုတော့ ဘရိတ်ပေါက်တာနဲ့ ကလပ်လည်း မရတော့ဘူးလေ။
ဒီတော့ ကားက အရှိန်ရ လာတယ် ..။ ရိုလာကိုစတာကြီး အပေါ်ကနေ ဝုန်းဆို လျှောဆင်းလာတဲ့ အရှိန်မျိုးနဲ့ ကုန်းဆင်းလမ်းအတိုင်း လိမ့်ဆင်းလာတာ။ ဘေးနားမှာ ထိုင်လိုက်လာတဲ့ ဦးလေးကို ယာဉ်မောင်းရဲဘော်ကကြည့်၊ ဦးလေးကလည်း သူ့ရဲဘော်ကို ပြန်ကြည့်နဲ့ ဖြစ်နေကြပြီ။ အခြေအနေက သူတို့နှစ်ယောက်လုံးကို "သွားလိုရာ သွားနိုင်ပြီ"
လို့ အမိန့်ပြန်ခံရတော့မယ့် အနေအထားကို ရောက်တော့မယ်လေ...။


           အဲဒီအချိန်မှာပဲ လမ်းဘေးတောအုပ်တွေထဲ က လက်ခုပ်တီးပြီး
ဝေး...ဝေး...ဝေး..ဆိုပြီး အော်တဲ့အသံတွေကို နှစ်ယေက်လုံးကြားလိုက်ကြရတယ်ဆို ပဲ။
ဘောလုံးပွဲမှာ လူတွေ အားပေးသလိုမျိုး သောင်းသောင်းဖြဖြနဲ့ အော်နေကြတဲ့ အသံမျိုးတဲ့ဗျာ။
ဒါနဲ့ ကားဆရာက လက်ကိုင်ကို ဘယ်ဘက်ကို ကွေ့ ချပြီး ဘေးက တောင်ကမူပေါ်ကို မောင်းတင်ဖို့ 
လုပ်တယ်။ ဒါပေမယ့် ကားကဘယ်လိုမှကွေ့ လို့ မရဘူးတဲ့ ။ စဉ်းစားသာကြည့်ကြပါတော့။ ကားတစီး မောင်းလာရင်းနဲ့ ဘရိတ်ပေါက်တယ်။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ တချိန်တည်းမှာ ဂီယာကလည်း ဂျမ်းဖြစ်သွားတယ်ဆိုဦးတော့။ ဒီလောက်အထိ လက်ခံလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘရိတ်လည်းပေါက်၊ ဂီယာလည်းဂျမ်းဖြစ်တဲ့အပြင် စတီယာရင်ပါ လှည့်မရတော့တဲ့ အဖြစ်မျိုးက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ပဲ ကြုံတောင့်ကြုံခဲလို့တောင် ပြောရတော့မှာပဲလေ။

            စတီယာရင်လှည့်မရတော့တဲ့အကြောင်းကို ယာဉ်မောင်းရဲဘော်က ဦးလေးကိုသတင်းပို့တော့ ဦးလေးကလည်း သူ့ ကိုဝိုင်းကူပြီးလက်ကိုင်ကို လှည့်ပေးရှာပါသေးတယ်။ ဒါပေမယ့် မရဘူး။ လက်ကိုင်က အသေကြီးလိုဖြစ်နေတာတဲ့ ။
ဦးလေးလည်း ဒါ..သွေးရိုးသားရိုးတော့မဟုတ်ဘူးဆိုပြီး သံဗုဒ္ဒေ ဂါထာကိုရွတ်လိုက်တော့ မှ ကားက တောင်ဂမူပေါ်ကိုမောင်းတင်လို့ ရသွားတော့တာတဲ့ ဗျာ..။
ကားရှေ့ဘီးလည်း ပေါက်ပြီးတော့ ကားလေးကိုင်းရယ်၊ ဘီးဒရမ်ရယ်က တောင်ဂမူလေးပေါ်မှာ သွားတင်နေပြီး ကားလည်းရပ်သွားတော့ တာတဲ့ ..။
ဒါနဲ့သူတို့ လည်း ကားပေါ်ကဆင်းပြီးကားကို ကြည့်နေတုန်းမှာပဲ ...ဟင်း.......တောက်...ဆိုပြီး
သက်ပြင်းချပြီးတောက်ခေါက်သံ အကျယ်ကြီးကို သူတို့ နှစ်ယောက်လုံးကြားလိုက်ကြတယ်ဆိုပဲ။
ဒါက ဦးလေးကြုံခဲ့ရတာပါ..ကျွန်တော့်သူငယ်ချင်းတွေကြုံရတာတော့ နောက်မှပဲ တင်လိုက်ပါမယ်။


နောက်ပြီး အဲဒီ ပြင်ဦးလွင် မန်းလေး လမ်းမှာ တဝက်လောက်မှာ ဟိုတယ်လား ဧည့်ရိပ်သာလားမသိဘူး ရှိတယ်... ကားမောင်းတဲ့ ဦးလေး ပြောတာကတော့ သရဲခြောက်လွန်းလို့ ဘယ်သူမှမနေရဲလို့ ဒီတိုင်းပစ်ထားလိုက်ရတာတဲ့...။ ။:)

တောင်ကုန်းလေးပေါ်မှာပါ..လပခရဲ့  ရိပ်သာလို့ ပြောတာပဲ..ကျွန်တော်လဲ အသေးစိပ်
တော့မသိပါဘူး အဲဒါ သိတဲ့သူများရှိရင်... ပြောပြပါဦး... ခြောက်ထပ်ကွေ့နဲ့လားမသိဘူး.. နီးတယ်..

Creadit By သရဲအကြောင်းပြောကြမယ်

"ကျောက်မြောင်းမှာ တခါကြုံတယ်"

သရဲကို ကိုယ်တွေ့မမြင်ရပေမယ့် သရဲက အဒေါ့်ကိုပူးတာ ကိုယ်တွေဖြစ်ခဲ့ရတယ်။ ၁၉၉၉ခုနှစ်လောက်က ရန်ကုန်ရောက်ခါစတုန်းကပေါ့။ ကျောက်မြောင်းထဲကလမ်းတစ်လမ်းထဲမှာနေတယ်။ ဘယ်လမ်းဆိုတာတော့မပြောတော့ပါဘူး။ အိမ်ကမြေညီထပ်။ ပြီးတော့ ထပ်ခိုးပါတယ်လေ။ အဲ့မှာနေတာ တစ်နှစ်နီးပါးလောက်ရောက်လာတော့ တစ်နေ့ အိမ်ကအမကြီးနဲ့အပြင်သွားပြီး ခွေသွားငှားကြတယ်။ အချိန်က ညနေခြောက်နာ၇ီ ၀န်းကျင်လောက်ရှိရောပေါ့။

               ဒါနဲ့ ပြောရဦးမယ်။ အိမ်က မြေညီထပ်ဆိုတော့ အိမ်ဆိုင်လေးဖွင့်ထားတာ။ တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်ပေါ့။ အဲ့ဒါနဲ့ အပြင်ငမ်းငမ်းထွက်ချင်တာလေ။ အိမ်ကအဒေါ်ကို ကောင်းကောင်းမပြောမိပဲ နှစ်ယောက်သားထွက်သွားကြတယ်။ အိမ်ပြန်ရောက်တော့အဒေါ်က ဆူတယ်။ ဘယ်သွားနေကြတာတုန်း ..ဘာညာပေါ့။ ဆိုင်မစောင့်ပဲနဲ့ အလေလိုက်နေကြတယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကဲ...ဆိုင်စောင့် ငါရေသွားချိုးဦးမယ်ပေါ့။ သူထားသွားပါလေရော။ ဒါနဲ့သူရေသွားချိုးရော။ တစ်အောင့်လောက်ကြာတော့ သူက တူမဖြစ်သူ ကျွန်တော်မျိုးကိုခေါ်ပါလေရော။ သူ လမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ ထူပြီး အိမ်ပေါ်ကို ခေါ်တက်ပေးပါပေါ့။ ဒါနဲ့ သူ့ကိုထူပြီးတက်ရတော့တာပေါ့။

           အမှန်ဆိုရင် အဒေါ်ကပိန်ပိန်လေးရယ်။ ရှိတာမှ ကီလိုငါးဆယ်ဝန်းကျင်ပေါ့။ ခုကျမှ အားပါးပါး လေးလိုက်တာဆိုတာ သူ့ကိုယ်ကိုထိန်းရတာ မနိုင်ချင်ဘူး။ ဒါနဲ့သယ်ရော ကဲ     လှေကားရင်း အပေါ်ထပ်ရောက်ပါလေရော။ သူကပြောတယ် အဘဘိုးမင်းခေါင်ရဲ့ပရိတ်ရည် သွားယူပါတဲ့။ အင်း ယူတယ် သူကဖြန်းပေးတဲ့။ ပြောသေးတယ် ဖြန်းတော့တာပေါ့။ အဲ့မှာ သူက ကိုယ်လုံးတစ်စောင်းမှောက်ရက်လေး မျက်နှာကိုလည်းဖြန်းရော။ အော်ငိုပါလေရော။

          မသိဘူး။ ဒီကလည်း သိမှမသိတာကိုပဲ။ မေးတော့တာပေါ့။ အဒေါ့်ကို ဘာလို့ငိုတာလဲ။ နားထဲရေ၀င်လို့လားပေါ့။ အဟုတ် အဲ့လိုကိုမေးမိတာ။ ဘာဖြစ်သွားတာလဲ။ နားထဲရေ၀င်လို့ငိုတာလားပေါ့။ ဒါနဲ့ သူဘာတစ်ခွန်းမှမပြောပဲ အော်အော်ကိုငိုတာ။ ကဲ သူက ငိုပဲငိုနေရော။ ဒီကလည်း တဖြည်းဖြည်းနဲ့ကြောက်လာတယ်။ စိုးလည်းစိုးရိမ်လာတာ  သူဘာဖြစ်တာလဲပေါ့။ အဲ့ဒါနဲ့ အိမ်နားကလူတွေကို ပြေးခေါ်ရော။ အိမ်မှာက လူဆိုလို့ အမတစ်ယောက်ရယ်၊ ကိုယ်ရယ်၊ အဒေါ်ရယ်ပဲရှိတာ အဲ့ဒီနေ့က။ ဒါနဲ့ အိမ်ရှေ့က ပယောဂဆရာကြီးကရောက်လာရော။ကဲ သူက လာဟဲ့ဆိုပြီး အဒေါ့်ကို ဘုရားစင်ရှေ့ဆီ ဒရွတ်တိုက်ဆွဲသွားတယ်။ ထမိန်ရင်လျားနဲ့မို့ ကိုယ့်မှာ တဘက်လိုက်ခြုံပေးလိုက်ရသေးတယ်။ ဒါနဲ့ မေးတော့တာပေါ့။ ပယောဂဆရာကြီးက နင်ဘယ်ကလဲဘာလဲပေါ့။ မဖြေဘူးတော်။ အဒေါ့်လက်မှာ ဘာတွေလဲမသိဘူး။ ၀င်ပူးတဲ့ သရဲနေမှာပေါ့။ ရေးနေတာ အင်းကွက်ချတယ်ပြောတာပဲ ။ ဒါနဲ့ ပယောဂဆရာက မေးလည်းမေး ပါးကိုလည်း ဘယ်ပြန်ညာပြန်ရိုက်တာ တထောင်ပေးပြီး ဆီဒိုးနားဟိုတယ်မှာ ပါးရိုက်လိုက်တဲ့ မင်းသမီးလေးထက်တောင် လက်သံပြောင်လိမ့်ဦးမယ်။ ဒီကတောင်သနားတယ်။ သမီး အဒေါ်ကိုမရိုက်ပါနဲ့ပေါ့။ မဖြုံဘူးဗျ အဲ့လောက် ရိုက်တာတောင် မျက်ထောင့်နီနဲ့ပြန်ကြည့်တာ။ အဲ့ဒါနဲ့ မေးရင်းရိုက်ရင်း၊ မေးရင်းရိုက်ရင်း သူ့ကို ဘုရားလက်အုပ်ချီပြီးရှိခိုးခိုင်းပါလေရော။ မရှိခိုးဘူး...ရိုက်တယ်..မရှိခိုးဘူး...ဒါနဲ့ ပယောဂဆရာကြီးက အဒေါ့်နဖူးကို ဘာတွေလည်းမသိဘူး ရွတ်ပြီးထိပါလေရော။ အထိမခံပြန်ဘူး။မရမက လုပ်တယ်။ ဒါနဲ့နဲနဲကြာလာတော့ အဲ့မရှိတော့ဘူးဆိုပါတော့ အော် ရသွားပြီဘာမှမဖြစ်ဘူးဆိုပြီး အင်္ကျီ ၀တ်မယ်ပေါ့ဆိုပြီး အခန်းထဲခေါ်လာပါရော။ ကဲ အဲ့မှာ ဇာတ်လမ်းကစတာပဲ။ အဒေါ်ဟာ သူ့အခန်းထဲက သူ့မှန်တင်ခုံကို ၀ုန်းဆိုပြီးဆွဲချလိုက်တာ အကုန်လုံးပြိုကျကုန်ပါရော။ အဲ့ဒါနဲ့ ဒီကလည်းကြောက်လာတာပေါ့။ မရတော့ဘူးဆိုပြီး ဆိုဖာအောက်ထဲပြေးဝင်ပြီးတော့ကိုငိုတာ။ ကြောက်တာကိုး။ ညဘယ်သူမှပြန်မလာရင် သူနဲ့ပဲနေရမှာလေ။ တော်သေးတယ်။ အဲ့မှာ ဦးလေးကပြန်ရောက်လာတယ်။ ဘာဖြစ်တာလဲပေါ့ မေးရင်းနဲ့ အဲ့ဒါနဲ့အဖွားကိုလှမ်းခေါ်ရော။

         အဖွားရောက်လာတယ်။ ပယောဂဆရာလည်း မကယ်နိုင်တော့ဘူးလေ။ ဒါနဲ့သူ့ကို [အဲ့သရဲကို] ဧည့်ခန်းမှာရှိတဲ့ ဆိုဖာပေါ်မှာထိုင်ခိုင်းထားတယ်။ အဖွားက တစ်လုံးချင်းမေးတာပေါ့။ ဒါနဲ့အဖွားကသူ့မှာပါလာတဲ့ သန်လျက်သေးသေးလေးရှိတယ်။ အဲ့ဒါနဲ့ထိုးတာ။ သေးသေးလေးနော်။ အဲ့ဒါအဲ့သရဲက ငိုတယ်တော့။ ဘာလို့လဲတော့မသိ။ ပြီးတော့..ပြောရဦးမယ်...။ သရဲထိုင်နေတဲ့နေရာနဲ့ အိမ်ရှေ့ကအုန်းပင်နဲ့က ကွက်တိလှမ်းမြင်နေရတယ်။ အဲ့သရဲကလေ အုန်းပင်နဲ့ဘာတွေစကားလှမ်းပြောနေလဲမသိဘူး။  ပြောလည်းပြောရင်း ဆိုဖာပေါ်မှာရှိတဲ့ဖျာကိုလုံးပြီးချေနေလိုက်တာ..ပြောမနေနဲ့တော့... အေးတွေရော..အင်းအင်းတွေရော။....စုံနေတာပဲ။ ဒါနဲ့အဖွားက နင်ဘာဖြစ်လို့လာတာလဲပေါ့နော်..ဒါနဲ့သူကထပြီး ဧည့်ခန်းကိုဝိုင်းပြတယ်။ ပီးတော့သူ့ကိုယ်သူလက်ညှိုးပြန်ထိုးပြတယ်...ဘယ်နားလည်မှာလဲနော်..။ ဒီက..ဒါနဲ့အဖွားတို့ကခေါ်သွားရော..ဓာတ်ခန်းကို...ခေါ်သွားတယ်ပြောတာပဲ...။ အဲ့ရောက်တော့သူကအကုန်ပြောတယ်တဲ့...အိမ်မှာရှိတဲ့သူတွေက ဘုရားတရားရမ်းလုပ်တာ..သူအိမ်မှာနေလို့မရဘူး..ပူတယ်တဲ့...။ ဖြစ်ချင်တော့အဒေါ်က သူ့အခန်းထဲမှာသူမအိပ်ဘူး..။ ဧည့်ခန်းထဲမှာဆင်းဆင်းအိပ်တာ...။ အဲ့ဒါကသူ့နေရာတဲ့..။ အိမ်မှာ၇ှိတဲ့အဖိုးအဖွားဒေါ်...အိမ်ရှိလူအကုန်..ပဌာန်း..ဓမ္မစကြာ...ပရိတ်ကြီးဆယ့်တစ်သုတ်..နေ့နေ့ညည..ဘုရားရှိခိုးတိုင်း မပြတ်ရွတ်တာကိုး..သူနေလို့မရဘူးပေါ့...။ အဲ့ဒါအိမ်ရှေ့ကအုန်းပင်ပေါ်မှာသွားနေရတယ်တဲ့...။ ဖြစ်ချင်တော့အုန်းပင်မှာကပိုင်တဲ့သူရှိပြီးသား.။ ကြာတော့သူ့ကိုမနေခိုင်းတော့ပဲ..အခုလိုလုပ်ခိုင်းတာပေါ့....။ ဒါနဲ့ဘယ်လိုဝင်တာလဲပေါ့...သူကပြောတယ်..အဒေါ်ကအိမ်ရှေ့ကိုထွက်လာတုန်းဆံပင်ကနေကပ်ပြီးဝင်လာခဲ့တာပါတဲ့....။ ဇာတ်လမ်းကတော့ဒါပဲပေါ့နော်......ပြီးတော့မှ..အဆက်လေးတွေက နောက်တစ်ရက်နှစ်ရက်လောက်ကြတော့အိမ်ဘေးနားက, .ခလေးလေး..နှစ်နှစ်ခွဲလောက်ပေါ့...ကားပေါ်မှာဆော့နေတုန်း ညနေစောင်းတော့အဲ့ဒီအုန်းပင်ကိုလက်ညှိုးထိုးထိုးပြီးငိုပါလေရော...။ ဒါနဲ့သူ့အမေကထမင်းဟင်းတွေအုန်းပင်မှာသွားပုံပေးမှအငိုတိတ်သွားတော့တာ...။ အဲ့ဒီတော့မှအပေါ်ထပ်ကအိမ်ရှင်တွေက ဘုန်းကြီးပင့်ပြီးတရားနာ အန္တရယ်ကင်းပရိတ်ရွတ်တော့တာပါပဲ... ။ ဒါကတကယ်ဖြစ်တာပါ...အဲ့ဒီတုန်းကလူကလည်းခြောက်တန်းလောက်၇ယ်ရှိသေးတာ..။ လမ်းထဲကလူအကုန်သိကြပါတယ်...။ အခုတော့သူလည်းကျွတ်သွားလောက်ပါပြီလေ.... ။အကျိုးအမြတ်ကတော့အလှူအိမ်မှာထမင်းဟင်းကောင်းကောင်းသွားစားလိုက်ရတယ်...ဟီးးးးးး


Creadit by အမည်မဖော်လိုသူ (အက်ဒမင်ရွာတော်ရှင်)

“တစ်ပွဲစား”


ဒီ စကားလုံးကို အနော် ငယ်ငယ်ကတည်းက ရင်းရင်းနီးနီး ကြားဖူးတယ်ဗျ။ စိတ်လည်း စိတ်ဝင်စားတယ်။
သို့ ပေ့ မယ် ခလေးဘ၀တုန်းက တစ်ပွဲစား ကိုစံဖဲ ((ကိုစံမှဲ့ ဟု လည်းတွေ့ ရသည်။ အမည်နာမ သေသေချာချာ မသိပါ) ဆိုတဲ့ လူအကြောင်းကို ရုပ်၇ှင်ကားတစ်ကားမှာ ကြည့် ဖူးတယ်။ သူက အင်းသူကြီး၊ င်္သချိုင်းစောင့် မဖဲဝါရဲ့ အကို။ ဇာတ်လမ်း၊ ဇာတ်အိမ်ကိုတော့  သေသေချာချာ မမှတ်မိတော့ ပါဖူး။ သို့ ပေ့ မယ် … တစ်ပွဲစားထဲမှာ သူက ရေအပိုင်၊ အင်းအပိုင်၊ တစ်ပွဲစားဗျ။ သူရလိုက်တဲ့ အင်းတိုင်းဟာ မြတ်တယ်။ ငါးအရများတယ်ပေါ့ဗျာ။ သူကလည်း ရေကြော၊ မြေကြော နပ်တယ်။ ဘယ် အင်း ကို ဘယ်အချိန် ပိတ်ရင်.. ဘယ်လိုငါးမျိုး အချိန်ဘယ်လောက် ထွက်မယ်ဆိုတာက အစသိတယ်ဗျ။ ဒီလိုမျိုး။
နောက် အနော် ရှစ်တန်းနှစ်လောက်ကျပြန်တော့ … ဦးကျော်ဟိန်း ရိုက်တဲ့ … “တစ်ပွဲစား” ဆိုတဲ့ ကားကို ကြည့် လိုက်ရသေးတယ်။ အဲဒီမှာလည်း ဦးကျော်ဟိန်းက အင်းသူကြီးပဲ… သူလည်း ကိုစံဖဲလိုပဲ … ဘယ်အချိန်မှာ ဘယ်ငါး၊ ဘယ်မှာဖမ်း ကွက်တိမိ ဆိုတာမျိုးပေါ့။
အဲဒီနောက်ပိုင်းမှာ တစ်ပွဲစား ဇာတ်လမ်းတွေနဲ့ အနော် အဆက်ပြတ်သွားတယ်။ အနော် စိတ်ထဲမှာလည်း စွဲလာတယ်။
တစ်ပွဲစားဆိုတာ ရေအတွတ်ပဲ ရှိလိမ့် မယ်ဆိုပြီးလေ။ ကိုယ် ကြည့် ရှု့ ခဲ့ ရတဲ့ အပေါ်က ဇာတ်လမ်းနှစ်ခုလုံးက ရေထဲမှာ ငါးဖမ်းတဲ့ အလုပ်ဆိုတော့ .. အင်း၊ ရေ တစ်ပွဲစား ဆိုတာပဲ ရှိမယ်လို့ ထင်ခဲ့ မိတယ်။ အနော် ဆယ်တန်း မအောင်ခင် အထိပေါ့။
ဒီလိုနဲ့ အနော် ဆယ်တန်းအောင်တဲ့ နှစ်မှာ…. အနော်ဦးလေးတစ်ယောက်က တာချီလိတ်ဘက်မှာ တောခေါင်းရာထူးနဲ့ တာဝန်ထမ်းဆောင်နေတယ်ခင်ဗျ။ အနော်လည်း အားနေတာနဲ့ .. သူဆီကို အလည် အပတ် သွားလိုက်တယ်။ အနော် သူငယ်ချင်းတွေဖြစ်တဲ့ ဇောင်းကြီးတို့ …၊ ရှမ်းကြီးတို့ လည်း ပါလာကြတယ်။ ဦးလေးဆီရောက်သွားတော့ သူကလည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ဦးလေးက သစ်တောရုံးရဲ့ ဘိုတဲ တစ်ခုမှာနေတယ်ခင်ဗျ။ ဘိုတဲ ကလည်း ခြေတံရှည် ဆောက်ထားတာရယ်။ ပြီးတော့ အပေါ်မှာ အခန်းက လေးခန်းရှိတယ်။ ကျန်တဲ့ သစ်တော အရာရှီတွေ အိပ်တဲ့ အခန်းသုံးခန်း၊ အနော် ဦးလေး အိပ်တဲ့ အခန်းက တစ်ခန်း၊ အရှေ့ မှာတော့ ဧည့် ခန်းလိုမျိုး အခန်းကျယ်ကြီးတစ်ခုရှိတယ်။
အဲဒီမှာ အနော်တို့ သူငယ်ချင်းတွေ အထုတ်အပိုးတွေ ချပြီး၊ စုပြုံပြီး အိပ်ကြရတယ်။ ဘိုတဲ အောက်မှာတော့ …. ကွပ်ပျစ်လေးတစ်ခုရှိတယ်။ ပြီးတော့ … နားနားနေနေထိုင်ဖို့ ခုံတန်းလေးတွေလည်းရှိတယ်။ သာသာယာယာပါပဲဗျာ။
အဲဒီမှာ ဘိုတဲမှာပဲ အနော်တို့ တစ်ပွဲစားဆိုတဲ့ မုဆိုးတစ်ဦးနဲ့ … မိတ်ဆွေဖြစ်ခဲ့ သဗျ။ ဒီလူနာမည်က “စောဘသန်း” ။ လူက ကရင်လူမျိုး၊ အောက်ပြည်ဘက်ကလို့ ပြောတယ်။ သူကလက်ရှိ မုဆိုး သေနတ်ပစ်လိုင်စင်ရထားတယ်။ တောခေါင်းတွေ၊ တောအုပ်တွေကလည်း ဒီလို မုဆိုးတွေနဲ့ ခင်မင်ရင်းနီးနေတာ မဆန်းပါဖူးလေ။ ဦးလေးတို့ ကလည်း အခါအခွင့်သင့်ရင် တောထဲကို သေနတ်ကိုင်ပီး ကိုစောဘသန်းနဲ့ … တောလည်လေ့ ရှိတယ်။ အနော်တို့ အဖွဲ့ ကတော့ … သူ့ ကို “ဦးဘသန်း” လို့ ပဲ ခေါ်သဗျ။ အသက်က ၃၅ နှစ်လောက်၊ အသားက နီစပ်စပ်နဲ့ ။ မျက်နှာက လေးထောင့်ရယ်။ မျက်နှာထားတော့  အလွန်ချိုတဲ့ လူ။ တစ်ချက် တစ်ချက်ရီလိုက်ရင် မျက်စိပါမှိတ်တယ်။ ရီရင်လည်း သူ့ ကွမ်းချေးတတ်နေတဲ့ … သွားတွေ ပေါ်အောင်ကို ရီတဲ့ မျိုးရယ်။ အမြဲတမ်း ကရင် အကျီကို ၀တ်ထားတတ်တယ်။ ပုဆိုးကိုလည်း ခပ်တိုတိုပဲ ၀တ်တတ်တယ်ဗျ။
ကိုစောဘသန်းနဲ့ အနော်တို့ အဖွဲ့ နဲ့ ကလည်း ဘယ်လို ဘယ်လို အဖွဲ့ ကျသွားလဲ မသိပါဖူး။ ရှမ်းကြီးနဲ့ ဇောင်းကြီးတို့ ကလည်း အနော်တို့ တွေ့ ခဲ့ ၊ကြုံခဲ့ ဖူးတဲ့ သရဲတစ္ဆေ ဇာတ်လမ်းတွေ ပြော၊ သူကလည်း… သူတောထဲ၊ တောင်ထဲမှာ တွေ့ ခဲ့ ဖူးတဲ့ ထူးဆန်းတဲ့ အရာတွေ အကြောင်းပြောနဲ့ … တာချီလိတ် သစ်တောဂိတ်မှာ အနော်နေခဲ့ တဲ့ ကာလ ၁ လလောက်မှာ ရက်တော်တော်များများက ဒီလူနဲ့ ပဲ အသားကျသွားတာပါပဲဗျာ။
ကျွန်တော်က ဒီလူဆီက အမြဲတမ်း တောဓလေ့ ၊ တောင်ဓလေ့ ကို၊ တော၇ိုးရာ၊ တောင်ရိုးရာ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို မေးတတ်တယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ တောထဲသွားရင် အပေါ့အပါးက အစ၊ အပြောအဆို၊ စသဖြင့်ပေါ့ဗျာ။ သူ ပြောပြလေ့ ရှိတယ်။
တစ်နေ့ ပေါ့ဗျာ။ အဲဒီနေ့ မှာ လကလည်း သာနေတယ်ဗျ။ အနော်တို့ … ဘိုတဲ အောက်မှာ ရှိတဲ့ ကွပ်ပျစ်မှာ ရှားရှားပါးပါး ရထားတဲ့ ဆတ်သားခြောက်ကို ဖုတ်၊ ပြီးတော့ ဆီဆမ်းပြီး အရက်နဲ့ မြည်းနေသဗျ။ ဦးဘသန်းကြီးလည်း ပါတယ်။ ပြောကြတဲ့ စကားတွေကတော့ … တောအကြောင်း။ တောင် အကြောင်းပဲပေါ့ဗျာ။ ပြီးတော့ အနော်က ပရလောကသားတွေ အကြောင်းအဓိက ထားမေးဖြစ်တယ်။ ဦးဘသန်းက ပြန်ဖြေပေါ့။ အနော်တို့ ဝိုင်းကလေ ညဘက်ဆို ဆွေးနွေးတဲ့ ဝိုင်းလေးတစ်ခုလို ဖြစ်နေတယ်။ အငြင်းအခုံတွေလည်း ရှိတယ်။ ပြီးတော … အခြားသစ်တောအရာရှိတွေကလည်း အနော်တို့ ဒီလို ၀ိုင်းပြီဆိုတာနဲ့ ရောက်လာကြတယ်။ ဒီတော့ … ၀ိုင်းခလေးက စိုစိုပြေပြေ၊ စည်စည်ကားကားလေး ဖြစ်လာတာပေါ့ဗျာ။
အဲဒီမှာ ဇောင်းကြီးက ဦးဘသန်းကို ထမေးတယ်။
“ဦးဘသန်း… ဦးကို ဒီမှာ တော်တော်များများပြောကြတယ်။ တစ်ပွဲစားဆို၊ အဲဒါ ဟုတ်လား?” ဆိုပြီလေး။ အမှန်က အဲဒီလို သွားပြောရင် တစ်ပွဲစားတွေက နည်းနည်းတော့ စိတ်တိုတတ်တယ်ဗျ။ တော်တော်များများက သည်းမခံနိုင်ဝူး။ ဘာဖြစ်လို့ လဲဆိုတာတော့ အနော်လည်း သိပ်မတွေးတတ်ပါဖူး။ သို့ ပေ့ မယ်… စိတ်ရှည် သည်းခံတတ်တဲ့ ဦးဘသန်းက ဇောင်းကြီးကို … “မင့်ကို ဘယ်သူပြောတုန်း၊ ငါ့ က တစ်ပွဲစားလို့ ” ဆိုပြီးလေ။ အဲဒီအချိန်မှာ စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ တစ်ဝိုင်းလုံးမှာ သူတို့ နှစ်ယောက် အသံပဲ ထွက်လာတာ။ အနော်အပါအ၀င် ကျန်တဲ့ သစ်တောအရာရှိတွေအားလုံးက ငြိမ်ငြိမ်လေးနေပီး ဒီ တစ်ပွဲစားဆိုတဲ့ အမေးအဖြေကို နားစွင့်နေကြတယ်။
“ဒီလိုပါပဲ၊ ပြီးတော့ … ဦးဘသန်း တောထဲ ၀င်ရင် ဘယ်တုန်းက လက်ဗလာ ပြန်လာခဲ့ ဖူးလို့ လဲ? သားကောင် ပါလာတာပဲ မဟုတ်ဖူးလား? တဲ့ ။ ဇောင်းကြီးက ဒီလိုမျိုး ဆိုလာတယ်။ ဇောင်းကြီး အဲဒီစကားကို အချိုသတ်ပြောနေတာနော်။ မျက်နှာချိုသွေးပြီး ပြောတာ။ အဲဒီလို ပြောနေတဲ့ အချိန်မှာ ဦးဘသန်း မျက်နှာက အရက်ကြောင့် ထင်ပါတယ်။ နီရဲတွတ်နေတာပဲ။ နဂိုကလည်း အသားက နီစပ်စပ်ဆိုတော့  မြင်မကောင်းဝူး။ စိတ်ဆိုးသလား တောင် ထင်ရတယ်။
ဦဘသန်းက ခပ်ကိုင်းကိုင်း ဖြစ်နေတဲ့ သူ့ ခါးကို တစ်ချက် မတ်လိုက်တယ်။ ပြီးတော့ လက်ထဲမှာ ကိုင်ထားတဲ့ မတ်ခွက်ထဲက အရက်ကို “ဂလွပ်” ဆိုပြီး အကုန် မော့ ချပလိုက်တယ်။ ပြီးတော့ … ကွပ်ပျစ်ဝိုင်းပေါ်မှာ ထိုင်နေတဲ့ လူအားလုံးကို တစ်ချက်ကြည့် လိုက်တယ်။ သူ့ အခုပြောမဲ့ စကားကို စိတ်ဝင်စားနေကြသလားပေါ့နော်။ စိတ်ဝင်စားမှ ဆက်ပြောမယ်ပေါ့၊ မ၀င်စားရင် မပြောတော့ ဖူးဆိုတဲ့ အထာနဲ့  ။ အားလုံးက သူ့ ဆီက ထွက်ကျလာမဲ့ အကြောင်းအရာကို ကြားချင်နေတဲ့ အထားလေးတွေ ဖြစ်နေတော့ … သူက စကားကို ဒီလိုလေးဆက်တယ်ဗျ။
“ဒီလိုရှိတယ်။ ဇောင်းကြီး။ မုဆိုးတစ်ယောက်ဟာ… တောထဲ၊ တောင်ထဲ သွားတိုင်း သားကောင် ရလာတာနဲ့ သူ့ ကို တစ်ပွဲစားလို့ ပြောလို့ မရဖူး။ ဥပမာ၊ ၊ မင်းတို့ အရွယ်ထဲက သူဟာ မုဆိုးလုပ်နေတာလည်း ဖြစ်နိုင်တယ်။ နေ့ စဉ်၊ နေ့ တိုင်း ဒီတော၊ ဒီတောင်ထဲမှာပဲ သူ မုဆိုးလုပ်တယ်။ ကြာလာတာနဲ့ အမျှ သူဟာ ဒီတောနဲ့ ရင်းနီးလာတယ်။ ဒီတောင်နဲ့ ရင်းနီးလာတယ်။ ဆိုကြပါစို့ …။ မင်းတို့ နေတဲ့ အိမ် ဘယ်မှာ ဘာရှိတယ်ဆိုတာ သိသလို၊ သူဟာလည်း သူ့ တော၊ သူ့ တောင်ထဲမှာ ဘယ်အချိန်မှာ ဘယ်နေရာကို သွားစောင့်ရင် ဘယ်လို သားကောင်မျိုး ရနိုင်တယ်ဆိုတာကို တွတ်လာနိုင်တယ်။ ပြီးတော့ မိုးရာသီဆို တောထဲက သဘာဝက ဘယ်လို၊ နွေရာသီဆို ဘယ်လို၊ ဆောင်းရာသီဆို ဘယ်လို အစရှိသည်ပေါ့ကွာ… တောသဘာဝကိုလည်း သူ သိလာတယ်။ ဒီလို ကျွမ်းကျင်လာတဲ့ မုဆိုးတစ်ယောက်ဟာလည်း တောထဲကို နေ့ စဉ် ၀င်တိုင်း သူဟာ သားကောင်တစ်ကောင် မဟုတ် တစ်ကောင် ရလာနိုင်တာပဲကွ။ ဒီတော့ … ငါဟာလည်း… မွေးကတည်းက မုဆိုးလုပ်နေတဲ့ လူပဲ။ ဘယ်အချိန် ဘယ်ကို သွားရင် ဘာကောင်မိမလဲ ငါသိတာပေါ့။ ဟုတ်တယ်မလား?။ ဥာဏ်လေး ဘာလေး သုံးပါ၊ ဇောင်းကြီးရယ်။ မင်းကလည်း အတင်းဇွတ် ငါ့ကို တစ်ပွဲစားမလုပ်ခိုင်းပါနဲ့ ကွ” ဆိုပြီး ရယ်ရယ် ပြုံးပြုံးနဲ့ ပြောတော်မူတယ်။
ဦးဘသန်း စကားပြောအပြီးမှာတော့ … ဘေးက နားထောင်နေတဲ့ လူတွေ ဆီက မှတ်ချက်ချသံတွေ ထွက်တယ်။
“ဟုတ်တယ်နော်၊ ဦးဘသန်းပြောတာ ဖြစ်နိုင်တယ်။ ခုန မောင်ဇူးပြောနေတဲ့ … အင်း တစ်ပွဲစားတွေလည်း ဒီလိုပဲ ထင်တယ်နော်။ အဘ” ဘာညာနဲ့ ပေါ့ဗျာ။ ဇောင်းကြီးလည်း… ဦးဘသန်း ပြောပြသွားတာကို နားထောင်းရင်း “အင်း.. ဟုတ်သားပဲနော်” ဆိုပြီး ငြိမ်သွားတယ်။ အဲဒီနောက်မှာ လူတွေ အားလုံးက ကိုယ့် အတွေးနဲ့ ကိုယ် စဉ်းစားခန်းဖွင့်နေကြလေရဲ့ ။ စောင်ကြီးတွေ ခြုံပြီး လရောင်အောက်မှာ ။
အဲဒီထဲမှာ အငြိမ်မနေနိုင်တာက အနော်။ ဘာဖစ်လို့ လဲ မတိဝူးဗျာ။ လူက အရမ်းတော့ မမူးသေးဖူး။ သို့ ပေ့ မယ်… ဦးဘသန်းရဲ့ ဆင်ဝှေ့ ရန်ရှောင်စကားကို… မကျေနပ်ဖူးဖြစ်နေတယ်။ အနော်က ဒီလိုစဉ်းစားတာဗျ။ ဒီဦးဘသန်းဟာ ကရင်ပြည်နယ်သား၊ ပြီးတော့ … တာချီလိတ်ဘက်ကိုေ၇ာက်လာတာလည်း အနော် စုံစမ်းကြည့် ရသလောက်ဆိုရင်…
ငါးနှစ်တောင် မပြည့် သေးလောက်ဖူး။ ပြီးတော့ … အခု သူအမဲသွားလိုက်တိုင်းလည်း နေ့ စဉ်၊ နေ့ တိုင်း အမဲက ရနေတာပဲ။ အနော်တို့ ရှိနေတုန်းကတော့ … သူ ကျားသစ်နက်တစ်ကောင် မိလို့ ရောင်းထားတာ ဆိုတော့ … မကုန်မခြင်း နောက်ဆံမတင်းချင်ဖူးဆိုတဲ့ အထာနဲ့ တောထဲ သိပ်မ၀င်ဖူးဗျ။ အရေးဟဲ့ … အကြောင်းဟဲ့ … တောလည်စရာရှိမှ ဦးလေးတို့ နဲ့ လိုက်တာရယ်။ အနော်တို့ သွားလည်ချင်ရင်လည်း “ဦးဘသန်း ပါမှ သွားမှာနော်” ဘာညာနဲ့ ခေါ်သွားတာပဲ။
သို့ ပေ့ မယ်… သူက အနော်တို့ နဲ့ လူအုပ်နဲ့ သွားရင် ဘယ်တော့ မှ သားကောင်မပစ်ဖူး။ သူ ပြောတဲ့ စကားတစ်ခုရှိတယ်။
“ငါတို့ အခု တောလည်သွားမှာက ငှက်ပစ်မှာနော်၊ ကျန်တဲ့ ဟာ မပစ်နဲ့ ” ဒီလိုမျိုး။ ငှက်ပစ်သွားတဲ့ အခါဆို.. ဘာကောင်တွေ့ တွေ့ ပစ်ဖူးဗျ။ မပစ်ခိုင်းဖူး။ ဒီက လူက လက်ယားနေတာလေ။ ပြောမနေပါနဲ့  L ။ ဒူးလေး တစ်လက်နဲ့ ဆော်ထည့် လိုက်ချင်တာရယ်။ သို့ ပေ သော်ငြား.. သူက ဦးဆောင်သူ ဆိုတော့ … မကျေမနပ်လေသံ “ဟွန်း” ဘာဖစ်တယ်၊ ညာဖစ်တယ်။ ဆိုပြီး ဆက်သွားရတာပဲ။ အဲဒီလို လုပ်တဲ့ အခါဆို ဦးဘသန်းက ပြောတယ်။ “ငဇူး… မင်း နှယ့် ။ အားတိုင်း ပစ်မယ်၊ ခတ်မယ် မလုပ်နဲ့ ဟ။ တောစည်းကမ်း၊ တောင်စည်းကမ်း” ဆိုတာ ရှိတယ်။ ဘာညာပေါ့။
အယ်! သူ့ ဘာသာ သူတစ်ယောက်တည်း… တောထဲ ၀င်သွားလို့ ကတော့ …. ဘာကောင်ဖြစ်ဖြစ် အဲ(အဲ = ယူဆောင်လာသည်) လိုက်တာပဲဗျ။ အဲဒီတော့ အနော်က တွေးတယ်။ မွေးကတည်းက ဒီတော ဒီတောင်ထဲ နေနေတာဆို ထားပါတော့ ။ သူ ကျွမ်းနေလို့ တောက။ အခုဟာက ရောက်တာမှ ငါးနှစ်တောင် မပြည့် သေးဖူး။ တောတောင်တွေကလည်း များပါဘိနဲ့ ။ အဲဒါကို သူ ၀င်သွားတိုင်း၊ ဆတ်၊ ဆိုင်၊ ပြောင်၊ စသဖြင့် အကောင်ကြီးပဲ တီးတီးလာတာဆိုတော့ .. သိပ်မရိုးချင်ဖူး။ အဲဒါကြောင့်လည်း လူတွေက သူ့ ကို “တစ်ပွဲစား” လို့ ပြောတာကိုးဗျ။ ဒီတော့ အနော်က သူ့ စကားကို အလို မကျဖူးလေ။ သို့ ပေသော်ငြား… ဒဲ့ မေးလို့ ကလည်း မကောင်းဖူး။ ကိုယ်ကလည်း သူ့ မှာ တစ်ပွဲစား ဇာတ်လမ်းရှိရင် ကြားချင်၊ သိချင်နေတာဆိုတော့ …. ဒီလိုပဲ မေးချလိုက်တော့ တယ်။
“ဦးဘသန်း၊ တစ်ပွဲစားအကြောင်းပြောလို့ နော်။ တစ်ပွဲစားတွေက လွယ်လွယ်နဲ့ တစ်ပွဲစား မဖြစ်ဖူးဆို ဟုတ်သလားဗျ။ အနော် သိပ်မရှင်းလို့ … ဦးဘသန်း ကြားဖူးတဲ့ … တစ်ပွဲစား ဇာတ်လမ်းလေးဘာလေး မရှိဖူးလား။ ရှိရင် နားထောင်ချင်လို့ ဗျ။ သိရင်လည်း ရှင်းပြပေးပါဦး ဘယ်လိုမျိုးလုပ်မှ တစ်ပွဲစား ဆိုပြီး နာမည်ထွက်တာဒုန်း? ” ဆိုပြီး ပွဲတောင်းလိုက်ရတယ်။
အဲဒီအချိန်မှာ သူက အနော် မျက်နှာကို သေသေချာချာ စိုက်ကြည့် တာဗျ။ ပြီးတော့  ဘာပြောသလဲဆိုတော့ …
“မင်းက တစ်ပွဲစား ဖြစ်ချင်နေလို့ နည်းလမ်း လာတောင်းနေသလား” တဲ့ ရီကျဲကျဲ နဲ့ ပြောတယ်။ အနော်က
“မဟုတ်ပါဖူးဗျာ။ ဇာတ်လမ်းလေး ဘာလေးရှိရင် သိရအောင်ပါ။ မဟုတ်ဘဲ ဝေေ၀၀ါးဝါး မသိချင်ဖူး။ ခုန ဦးဘသန်းပြောသလို ကျွမ်းကျင်တဲ့ လူတစ်ယောက်ဟာ တောထဲ ၀င်တိုင်း သားကောင်း ရနိုင်သလို၊ တစ်ပွဲစားတစ်ယောက်ဟာလည်း ရနိုင်တယ်လေ။ အဲဒီတော့ … သားကောင်ရနေတဲ့ လူတိုင်းကို ယုန်ထင်၊ ကြောင်ထင် တစ်ပွဲစားပါလို့ ဇွတ်မပြောချင်လို့ … တိတိကျကျ သိနိုင်မဲ့ နည်းလမ်းလေး ဘာလေးသိရမလားလို့ ပါဗျ” ဆိုပြီ ပြောချလိုက်တယ်။
ဦးဘသန်းက “အင်း…. အဲဒါတော့ ခက်တယ်ကွ၊ ငါလည်း တိတိကျကျတော့ … မပြောတတ်ဖူး။ သို့ ပေ့ မယ် မင်းသိချင်တယ်ဆိုတဲ့ တစ်ပွဲစား တစ်ယောက်အကြောင်းတော့  ငါပြောပြမယ်။ သူတစ်ပွဲစား ဖြစ်တဲ့ အချိန်မှာလည်း ငါရှိနေတယ်” တဲ့ ။ အဲဒီမှာ အားလုံး ငြိမ်သက်ပြီး နားထောင်နေရကနေ… “ဟမ်၊ ဦးဘသန်း ရှိနေတယ်။ ဟာ မြန်မြန် ပြောပြ ဘယ်လိုဖြစ်တာလဲ” ဘာညာတွေ ဖစ်ကုန်တယ်။ ဒီတော့ မှ ဦးဘသန်းက အရက်တစ်ခွကို ဂွတ်ခနဲ ထပ်မော့ လိုက်ပြီးတော့ … သူ တွေ့ ခဲ့ ရတဲ့ တစ်ပွဲစားမုဆိုး ဇာတ်လမ်းကို ဆက်ပြောပြတယ်။
“အဲဒီတုန်းက မင်းတို့ အရွယ်လောက်ပဲ ရှိသေးတယ်။ ငါ့ဆရာ မုဆိုးတစ်ယောက်ဆီမှာ ငါ မုဆိုးလက်သင် လုပ်နေတဲ့ အချိန်ပေါ့ကွာ။ အောက်ပြည်ဘက်မှာပါ။ ငါ့ဆရာမုဆိုးနာမည်က ဦးရွှေသိုက်တဲ့ ။ အသားဖြူဖြူ အရပ်မြင့်မြင့် ဗမာထဲမှာတော့ တော်တော်လေး ဒေါင်ကောင်းတဲ့ မျိုးဟေး။ ပြီးတော့ သူ့ မှာ မိန်းမနဲ့ … သား၊ သမီး သုံးယောက်ရှိတယ်။
သူနဲ့ ငါနဲ့ နေ့ တိုင်း တော လည် ဖြစ်တယ်။ တောကောင်ကလည်း ရတဲ့ အခါတွေလည်း ရှိသလို၊ မရလာတဲ့ နေ့ တွေလည်း ရှိတာပေါ့ကွာ။ တစ်နေ့ ကျတော့ … သူ မိန်းမ နောက်ကိုယ်ဝန် ထပ်ရှိလာတယ်။ သူကလည်း အဲဒီအချိန်မှာ သားကောင်ကြီးမပြောနဲ့ … ဒေါင်း တစ်ကောင်ရဖို့ တောင်… မနည်းရှာနေတဲ့ အခါ ဆိုတော့ … သူ့ စီးပွားရေး တော်တော်လေး ကသိလင်တ နိုင်နေတဲ့ အချိန်ပေါ့။ ပြီးတော့ တော၊ ရွာဆိုတော့ ကွာ… ငွေဆိုတာကလည်း သိတဲ့ အတိုင်းပဲ။ မနည်းရှာဖွေရတာကိုး။ ဒီတော့ … သူတောမလည်လို့ မရတော့ တဲ့ အခြေအနေရောက်လာတယ်ဆိုပါတော့ ။ ငွေက လိုပြီလေ။ သူ့ မိန်းမကလည်း မွှေးတော့ မှာကိုး။ အချိန်အခါကလည်း နွေအခါ သမယ ဆိုတော့ … တောလည်ပြီဆိုတာနဲ့ တောကောင်ကြီး တစ်ကောင်တော့ ရလောက်ပါတယ်ဆိုပြီး… သူနဲ့ ငါ တောထဲထွက်ဖြစ်ခဲ့ တယ်။
ကိုရွှေသိုက်ကတော့ … သူ့ မိန်းမကို ပြောထားခဲ့ တယ်။ သားကောင် မရရင် ငါ ပြန်မလာဖူး ဆိုပြီးလေ။ ငါတို့ လည်း သုံးလေးရက်စာ ရိက္ခာတွေထည့် ပြီး တောထဲကို ဒိုးရတာပေါ့ကွာ။
ဒီလိုနဲ့ … တောထဲသွားပြီ နေ့ လည် သုံးနာရီလောက်ကျတော့ … တောနက်နားကို နီးလာတယ်ကွ။ အဲဒီမှာ ငါတို့ လည်း ပထမတစ်ရက် စခန်းချလိုက်တယ်။ ဒုတိယ တစ်ရက်ကျတော့ …. တောနက်ထဲ လုံးလုံး ရောက်သွားပြီ။ တောထဲတောင်ထဲမှာက တောနက်ရင် ညဘက်ဆို မြေပြင်မှာ နေလို့ မကောင်းဖူးလေကွာ။ ဒီတော့ … တို့ … အဲဒီအနီးအနားက အင်ကြင်ပင်ကြီးတွေပေါ်မှာ လင့်စင်ထိုးရတယ်။ ကိုရွှေသိုက်က အကွက်တော့ မြင်သားကွ။ သူ့ လင့်စင်ထိုးတဲ့ နေရာအနီးအနား မျက်စိတစ်ကမ်းမှာ ရေကန်ကြီး တစ်ကန်ရှိတယ်။ သူက ငါ့ကို လင့်စင့်မထိုးခင် ဘာပြောသလဲဆိုတော့ …. “ဘသန်း၊ ငါတို့ တော့ … သားကောင် ပင်ပင်ပန်းပန်း ရှာစရာမလိုတော့ ဖူးကွ၊ ဟိုရေကန်တွေ့ သလား? ည ရေလာသောက်တဲ့ ကောင် ငါတို့ အကောင်ပဲလို့ သာမှတ်လိုက်ကွာ” ဆိုပြီး ၀မ်းသာ အားရနဲ့ ပြောရှာတယ်။
ငါတို့ လင့်စင်ထိုးပြီး အဲဒီနေ့ ည လင့်ပေါ်မှာ တတ်အိပ်ကြတယ်ဆိုပါတော့ ကွာ။ ကိုရွှေသိုက်ကလည်း တောထဲမှာမို့ ထင်တယ်။ သူကဆေးလိပ် အင်မတန်ကြိုက်တဲ့ လူကွာ။ သို့ ပေ့ မယ်.. လုံးဝ မဖွာဖူးကောင်ရေ။ ဆေးလိပ်နံတွေကို တောကောင်တွေ ရသွားရင် မလာတော့ မှာ စိုးလို့ လေ။ မုဆိုးအလုပ်ကလည်း မလွယ်ပါဖူးကွာ။ ဇွဲ ကောင်းမှ။ မဟုတ်ရင် မလွယ်ဖူး။ ဒီလိုနဲ့ ညတော်တော် နက်သွားပါတယ်။ နွေ အခါ လသာသာ ဆိုတဲ့ အတိုင်းပဲ။ လရောင်အောက်မှာ မြေပြင်က ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားကို မြင်နေရတယ်။ ရေကန်စပ်ကိုလည်း တော်တော်လေး ရှင်းအောင် မြင်နေရတာ။ ကိုရွှေသိုက်ကတော့ … သူ့ နှစ်လုံးပြူးလေးကို တိုက်ချွတ်ပြီး ကျည်ထည့် ပြီး သားကောင် အလာကိုပဲ စောင့်နေတာ။ ဖြစ်ချင်တော့ … ညတော်တော် နက်သွားတဲ့ အထိ၊ ရေကန်နားကို ဘာသားကောင်မှ မလာဖူးရယ်။ ပြီးတော့ တောကလည်း အရမ်းတိတ်ဆိတ်နေတယ်။ အရင်ကဆို ဒီလို ဘယ်ဟုတ်လိမ့် မလဲ။ တောထဲ ညအိပ်ပြီဆို ဘေးပတ်ဝန်းကျင်မှာ တောကောင် ဟိန်းသံ၊ ဟောက်သံ၊ ငှက်တွေ အော်သံ စသဖြင့်ပေါ့ကွာ။ ဆူညံနေအောင် ကြားနေရတဲ့ ဥစ္စာ။ အခုဟာက ထူးထူးခြားခြား အပ်ကျသံတောင် ကြားရအောင် တိတ်ဆိတ်နေတာဆိုတော့ .. ငါတို့ လည်း တော်တော်လေး ထူးဆန်းနေတယ်။ ကိုရွှေသိုက်ကတော့ … အဲဒီအဖြစ်အပျက်ကို သိပေ့ မယ်… သူက သူ့ ၇မဲ့ သားကောင်ကိုပဲ မြင်နေတယ် ထင်ပါတယ်။ ငါတော့ ဖြင့် တော်တော် အိပ်ငိုက်လာတာနဲ့ … ဒူးလေးကို မှီပြီး တစ်ချက် ငိုက်ခနဲ ဖြစ်သွားတယ်။
ဘယ်အချိန်လောက်ထိ ငိုက်သွားမှန်း မသိပါဖူး။ ငါ့ကို ကိုရွှေသိုက်လှုပ်နိုးတော့ မှ ငါလည်း နိုးလာတယ်။ ပြီးတော့ သူက ငါ့ကို “ရှူး” တိုးတိုး ဆိုပြီး ရေကန်ဘက်ကို လက်ညိုးထိုးပြတယ်။ ငါလည်း လရောင်အောက်မှာဆိုတော့ … အခုမှ မျက်စိက ပွင့်လာတာဆိုတော့  စစခြင်းတော့  ဘာမှ မမြင်ရ၀ူးဟေး။ နောက်မှ ထင်ထင်ရှားရှားမြင်လိုက်ရတာ “လားလား…နည်းတဲ့ ဆတ်ကြီး” မှ မဟုတ်တာ။ တော်တော်ကြီးတယ်ကွာ။ ဂျိုကြီးတွေများ ကားထွက်နေတာပဲ။ အဲဒီဆတ်ကတော့ သူ့ အန္တရာယ် သူမသိရှာဖူး။ ရေကန်က ရေကို ငုံသောက်လိုက်၊ ရေကန်ထဲက လရောင်ကို ကြည့် လိုက်လုပ်နေတာ။
အဲဒီအချိန်မှာ ကိုရွှေသိုက်လည်း သူ့ နှစ်လုံးပြူးပြောင်းကို သေသေချာချာ ချိန်ပြီး ငါ့ကို မီးထိုးခိုင်းတယ်။ ငါလည်း အသင့်ကိုင်ထားတဲ့ အောက်လင်းဓါတ်မီးကို ပစ်မှတ်ကို ကျအောင် ထိုးချပေးလိုက်တယ်။ အဲဒီအချိန်မှာ ဆတ်က မီးအလင်းရောင်ကို မြင်ပြီး အမ်း နေတုန်း ကိုရွှေသိုက် မောင်းဖြုတ်ချုလိုက်ပါယောလား။ “ဒိုင်း” “ရှီး” ဆိုတဲ့ အသံနဲ့ အတူ… ဆတ်ဟာလေ … အဲဒီနေရာမှာတင် ၀ုန်းခနဲ လဲကျသွားတာ။ ကိုရွှေသိုက်ကတော့ … ထီပေါက်သူ အလားပဲဝေး။
“ရပြီ… ဘသန်း၊ ငါအဖို့ ဒီလောက်ဆို ခိုင်လုံသွားပြီ။ မနက်မှ ဆင်းကောက်ရအောင်… အခုတော့ .. တရေး တစ်မော အိပ်လိုက်ကြဦးစို့ ” ဆိုပြီး တစ်ခါတည်း လဲတော့ တာပါပဲ။ ငါလည်း မှောင်မှောင်မည်းမည်းကြီးထဲမှာ…. ခုန ဆတ်သေကြီးကို လှမ်းကြည့် ရင်း ခဏလဲလိုက်တယ်။
သို့ ပေ့ မယ် အဲဒီညက ငါ့အဖို့ ထူးဆန်းနေတယ်။ ဆတ်က အော်သံလည်း မပေး၊ တောက်သံလည်း မပေးနဲ့ ရေကန်နားကို ရောက်လာတယ်။ တောကလည်း အလွန်အမင်း တိတ်ဆိတ်နေတယ်။ သေနတ်နဲ့ ပစ်လိုက်တော့ လည်း နာကျင်သံမထွက်လာဘဲ ၀ုန်းခနဲ လဲသွားတာရယ်။ အဲဒီတော့ ငါ့အတွေးတွေက ဘယ်လိုခေါ်မလဲ၊ တစ်ခုခုတော့ ဖြစ်နေတယ်။ ဘာဖစ်နေမှန်းတော့ မသိဖူးကွာ။ နောက်ဆုံး မထူးပါဘူး ဆိုပြီး ငါမျက်လုံးကို စုံမှိတ်လိုက်တဲ့ အချိန်မှာ….။
တောထဲကနေ ဘာသံထွက်လာတယ်ထင်ဒုန်း?
“ဝေါင်း” ခနဲ ဆိုပြီး ကျားဟိန်းသံတစ်ခုထွက်လာတယ်ကွ။ အဲဒီအသံကို ငါလည်းကြားတယ်။ ကိုရွှေသိုက်လည်း ကြားတယ်။ အဲဒါနဲ့ နှစ်ယောက်သား ဆတ်ခနဲ ပြိုင်တူ ထလိုက်ရတယ်။ ပြီးတော့ ကိုရွှေသိုက်ကလည်း တောကောင်ကြီးတွေ လာနေပြီ ဆိုတဲ့ အထာနဲ့ ငါ့ကို မေးဆတ်ပြတယ်။ သူက သူ့ နှစ်လုံးပြူးကိုလည်း ကျည်အသင့်ပြန်ထိုးထားတယ်။ ငါကလည်း ငါ့ဒူးလေးကို မောင်းတင်ပြီး မြှားထိုးထားလိုက်တယ်။
ကျားလာရင်လည်း ကျားပစ်မှာ။ အဲဒီနေ့ ညက ငါနဲ့ ရွှေသိုက် ဘာလာလာ လာသမျှ ပစ်ဖို့ ရည်ရွယ်ပြီးသား။
ဒီလိုနဲ့ … ငါတို့ လည်း စောင့်ပြီး တောထဲက ဟင်းမျိုးကြီး ထွက်အလာကို ကြည့် နေကြတယ်ပေါ့ကွာ။ တစ်ဖြည်းဖြည်းနဲ့ အဲဒီ ဟင်းမျိုးကြီးရဲ့ ဟိန်းသံက နီးလာတယ်။ ပြီးတော့ … အသံက ရေကန်ဘက်ကို သွားနေတဲ့ အသံ။ နောက်ဆုံး ထင်ထားတဲ့ အတိုင်းပဲ တောထဲက ဟင်းမျိုးကြီး ထွက်လာတယ်။ သို့ ပေ့ မယ်… သူ တစ်ကောင်တည်း မဟုတ်ဖူးနော်။ ငါတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့် ပြီးတော့ … တော်တော်လေး ကြက်သေသေသွားတာ။ လုံးဝ မဖြစ်နိုင်တာချည်းကို။
ဟင်းမျိုးကြီး (ကျား) ထွက်လာတာတော့ မှန်တယ်။ သို့ ပေ့ မယ် သူ့ အပေါ်မှာ ခွစီးထားတဲ့ ပုံရိပ်တစ်ခုလည်း ပါလာသေးတယ်ကွ။ လရောင်က ရှင်းတယ်ဆိုပေ့ မယ်… နည်းနည်းလှမ်းနေတော့ … ဟင်းမျိုးကြီး ပေါ်မှာ ခွစီးထားတဲ့ အရာဟာ ဘာလဲဆိုတာ ငါတို့ လည်း မခွဲတတ်သေးဖူး။ သို့ ပေ့ မယ် နှစ်ယောက်သား အဲဒီအရာကို သေသေချာချာစိုက်ကြည့် နေကြတာရယ်။
ကျားက ဘယ်ကို သွားတယ်ထင်ဒုန်း။ ငါတို့ ပစ်ချထားလို့ လဲနေတဲ့ … ဆတ်သေနားကို သွားတာ။ ဆတ်သေနားရောက်တော့ ကျားက တုံခနဲ ရပ်သွားတယ်။ ပြီးတော့ ကျားပေါ်က အရာက ဆင်းလာတယ်။ ကျားကြီကလည်း နည်းတဲ့ ကျားမဟုတ်ဖူးကွာ။ ကိုးတောင် ကျော်မယ်။ ပြီးတော့ … ကျားပေါ်မှာ စီးလာတဲ့ အရာဟာလည်း လူတစ်ယောက်ကွ။ သူက ရေကန်အစပ်မှာ ရပ်နေတုန်း လရောင်အောက်မှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ။ လူဆိုတာကလည်း ယောင်္ကျားမဟုတ်ဖူးနော်။ မိန်းမတစ်ယောက်ဖြစ်နေတယ်။ ဆံပင်အရှည်ကို ဖါးလျား ချထားတယ်။ ပြီးတော့ ၀တ်ထားတဲ့ အ၀တ်အစားကလည်း နန်းဝတ်၊ နန်းစားနဲ မောင်ရေ။ တို့ များ နှစ်ယောက်လောက် ကြောက်လိုက်တာ ပြောမနေပါနဲ့ တော့ ။ ငါဆို… သွားပြီး တောမှောက်ပြီဆိုပြီးတော့ ကို ကြောက်လန့် သွားတာ။ ဘယ်နှယ့် တောချည်းထဲ မိန်းမက ကျားကို စီးလာတယ်။ မမြင်ကောင်းတဲ့ အရာတွေ။ အဲဒီမိန်းမက ဘာလုပ်တယ်ထင်တုန်း။ သေနေတဲ့ ဆတ်နားကို သွားတယ်။ ပြီးတော့ ဆတ်သေရဲ့ ခေါင်းကို သူ့ လက်နဲ့ သုံးချက်လောက် ပွတ်သပ်လိုက်တာ။ ဆတ်သေဟာဖြင့်… ချက်ခြင်းကို အသက် ပြန်ဝင်သွားတော့ တာပါပဲကွာ။ ပြီးတောနဲ့ … တောထဲကို ကဆုန်ပေါက်ပြီး ပြေးဝင်သွားတာ။ ငါတို့ ဖြင့် အဲဒီမြင်ကွင်းကို မြင်ပြီး အသက်တောင် မရှူဝံ့ ဖူးရယ်။
နောက်ပိုဆိုးတာက ကျားစီးလာတဲ့ မိန်းမဟာ ဆတ်သေကို အသက်သွင်းပြီးတာနဲ့ … ငါတို့ လင့်ထိုးထားတဲ့ သစ်ပင်ဆီကို မော့ ကြည့် တော့ တာပါပဲ။ ပြီးတော့ …. သူ့ ကျားပေါ်ကို သူပြန်တတ်တယ်။ ငါတို့ ဆီကို ဦးတည်ပြီးလာနေတယ်။ ကျားကြီးကလည်း တစ်လှမ်းခြင်းစီလှမ်းလာတာနော်။ သူ့ အရောင် အသွေးတွေကလည်း လက်လက်ထနေတာပဲ။ ဟိုမိန်းမကလည်း သစ်ပင်ပေါ်ကိုမော့ ကြည့် နေတာကို မရွေ့ ဖူး။ စိမ်းစိမ်းကြီး ကြည့် ပြီးလာနေတာဖြင့်…နောက်ဆုံးတော့ ..ငါတို့ လင့်စင့်အောက်ကို ရောက်လာတော့ တာပါပဲ။
အဲဒီအချိန်မှ ငါနဲ့ ရွှေသိုက်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် မိတယ်။ နှစ်ယောက်လုံးရဲ့ နဖူးတွေမှာ ထွက်နေတဲ့ ချွေးသီးချွေးပေါက်ဟာလေ… ဘူးသီးလောက်ရှိမယ် ဟေ့ ကောင်။ မယုံမရှိနဲ့ ။ ငါကလည်း အသက်က ငယ်သေးတဲ့ အချိန်ဆိုတော့ ပိုဆိုးတယ်။ ပြီးတော့ … ဒါက ငါ့ရဲ့ ပထမဦးဆုံးအတွေ့ အကြုံပဲ။ ကြောက်နေတာတော့ ပြောမနေပါနဲ့ တော့ ကွာ။ အဲဒီအချိန်မှာ… ကိုရွှေသိုက်က ငါ့ကို ဘာပြောသလဲဆိုတော့ ….
“ဘသန်း… ဒီမိန်းမ ဘာမေးမေး၊ မင်းမဖြေနဲ့ နော်။ ငါဖြေမယ်။ မင်း ငါ့နောက်မှာနေစမ်း” ဆိုပြီးတော့  ပြောတယ်။
ငါလည်း သူ့ ကျောပြင်နောက်ကို နေရာရွေ့ လိုက်တယ်။ သူက ရှေ့ ကနေပြီး လင့်စင့်အောက်ကို ငုံကြည့် တယ်။
အောက်က မိန်းမကလည်း သူ့ ကို မော့ ကြည့် တယ်။ ပြီးတော့ … အောက်က မိန်းမက မေးတယ်။
“အပေါ်က လူတွေရှင့်၊ ကျမ တတ်လာခဲ့ လို့ ရတယ်မလား” တဲ့ ။
ကိုရွှေသိုက်က… “အေး… နင် လာလူ လား၊ ပြန်လူ လား” တဲ့ ။ “လာလူ” ဆိုပြီး တစ်ခွန်းတည်း တုံးတိတိ ဖြေသဟ။ အသံကတော့ ချိုနေတာပဲ။ ဖြေပြီးတာနဲ့ သစ်ပင်ကို သူ့ လက်နဲ့ တစ်လှမ်းခြင်း ကိုင်ပြီးတတ်လာတော့ တာပါပဲ။ အဲဒီမှာ ကိုရွှေသိုက်ရော ငါရော၊ သောက်ကျိုးတွေ နည်းကုန်တာပါပဲဝေး။ ဘယ်နှယ့် ! ပြန်လူ လို့ ပြောပြီးတတ်လာတာယော။
တောထဲ၊ တောင်ထဲမှာက ဒီလိုပဲ။ ကိုယ့် လူတွေ အချိန်မဟုတ် အခါမဟုတ် ပြန်လာလည်း ဒီလိုမေးရတယ်။ “ပြန်လူ” တော့  စိတ်ချရတယ်။ “လာလူ” ဆိုရင်တော့  မကောင်းဖူး။ အဲဒါ သေပြီးတော့ မှ နာနာဘာဝ အဖြစ် လင့်ကို ပြန်လာတယ်လို့ အဓိပ္ပါယ် ရှိတယ်။ အယူအဆ ရှိတယ်လေ။ အခုဟာက “လာလူ” ဆိုပြီးတော့ ကို တတ်လာတာဆိုတော့  ပြောမနေပါနဲ့ တော့ ကွာ။ ပြန်စဉ်းစားရင် အဲဒီညက ကျောချမ်းတယ်။
ဒီလိုနဲ့ … ဒီမိန်းမ တတ်လာတာ လင့်ပေါ်တောင် ရောက်လာရောပေါ့။ သူလည်း တတ်လာရော ငါဖြင့်… ကြောက်လို့ တုန်နေတာ နေစရာကို မရှိတော့ ပါဘူးဝေး။ သို့ ပေ့ မယ် ကိုရွှေသိုက်ကတော့ … အေးဆေးပဲ။ အံ့ ယော…. ဒီလူ သတ္တိနှယ်။ တကယ် ရှိပါဘိ။ ပြီးတော့ သူက ဆေးလိပ်ကောက်ဖွာနေသေးတယ်။ အေးရာ အေးကြောင်းဆိုတဲ့ အထာနဲ့ ဗျ။
လင့်ပေါ်ရောက်လာတဲ့ မိန်းမက ရောက်ရောက်ခြင်း ဒီလိုမေးတယ်။
“တောထဲ၊ တောင်ထဲ နေရတာကြာတော့ … လူတောဘက် သိပ်မလာနိုင်လို့ ၊ ကွမ်းလေး၊ ဘာလေး မပါဖူးလားရှင်၊ ပါရင် တစ်ယာလောက် ပေးပါလား” တဲ့ ။
“မပါဘူး”… ကိုရွှေသိုက်ကတော့ …. ခပ်တင်းတင်း ပြန်ပြောတယ်။
ဒီလိုပြောတော့ … ဒီမိန်းမက “ဟင်း” “ဟင်း” ဆိုပြီး ရီပါလေယောလား။ သူတို့ နှစ်ယောက် စကားပြောနေတာ လက်တစ်ကမ်းအကွာနော်။ ငါဖြင့် ဒီလို အချိန်ကြီးကွာ။ ကျားစီးလာတဲ့ မိန်းမကို ဒီလို ပြောဖို့ ဝေးလာဝေး။ ဆင်းပြေးမိမလားပဲ။ ကိုရွှေသိုက် ခံနေလို့ သာပေါ့။ နို့ မဟုတ်ရင် ပြေးမိမှာ။
ဒီလိုရီနေရင်းကနေ… မိန်းမ ထပ်ပြောတယ်ကွ။
“ဒါဆို ဆေးလိပ်လေးများ မပါဘူးလားရှင်၊ တကယ် ခံတွင်းချဉ်နေလို့ တစ်ဖွာလောက် ဖြစ်ဖြစ်” ဆိုပြီးလေ။ ကိုရွှေသိုက်ကလည်း သူ့ ကို ပဲ ကြည့် နေတာနော်။ မျက်စိ အလွတ်ကို မခံဖူးရယ်။ ဒီကောင်မ တစ်ခုခုလုပ်ရင် သူလည်း တစ်ခုခုပြန်လုပ်မဲ့ အထာပဲ။ သူလည်း ကြောက်နေမှာပေါ့။ အားမာန်တင်းထားတယ် ထင်ပါတယ်။ ဟိုမိန်းမကို ရွှေသိုက်က
“ဆေးလိပ်ကတော့ … ဒါနောက်ဆုံးပဲ။ နင်သောက်ချင်တယ်ဆိုရင်တော့  ပါးစပ်ဟလေ။ ငါတေ့ ပေးမယ်။ ကိုယ့် ဘာသာ ဖွာ” ဆိုပြီး ပြောလိုက်တယ်။ ဟိုမိန်းမကလည်း “ကောင်းပါပြီ ရှင်” ဆိုပြီး ပါးစပ်ဟ ပေးလိုက်တယ်။
အဲဒီအချိန်မှာ….. ကိုရွှေသိုက်လုပ်လိုက်တဲ့ လုပ်ချက်ကတော့ … ငါဖြင့်… ထောင်ထဲ တန်းဝင်ရပါပီဆိုပြီး ဖြစ်သွားတယ်ကွာ။ ဘယ်နှယ့်! ဟိုမိန်းမ ပါးစပ်လည်း ဟရော၊ ဆေးလိပ်ထိုးထည့် ပေးမလိုလို ၊ ဘာလိုလိုနဲ့ အနားမှာချထားတဲ့ သူ့ နှစ်လုံးပြူးပြောင်းဝကို ပါးစပ်ထဲကို ထိုးထည့် ပြီး ခလုတ်ဆွဲချလိုက်တာကွာ မြင်လို့ တောင်းမကောင်းဖူး။ “ဒိုင်း” ခနဲ မြည်သံနဲ့ အတူ။ ကျားစီးတဲ့ မိန်းမရဲ့ .. ဦးနောက်ကနေပြီးတော့ ကျည်ဆံဟာ ခွဲထွက်သွားတယ်။ သွေးတွေကလည်း လင့်စင့်တစ်ဝှိုက် ပြန့် ကျဲသွားတယ်။ ပြီးတော့ …. ဟိုမိန်းမလည်း “အား”ခနဲ အော်ပြီး “ကား” ခနဲ လင့်စင့်အောက်ကို ပြုတ်ကျသွားတော့ တာပါပဲကွာ။
ထူးဆန်းတာတစ်ခုက အဲဒီမိန်းမ အား ခနဲ အော်လိုက်တဲ့ အသံဟာလေ တစ်တောလုံးများ အော်ထည့် လိုက်သလားမှတ်ရတယ်။ အရပ်ရှစ်မျက်နှာလုံးက အသံက ထွက်လာတာကိုး။ ပြီးတော့ အောက်က စောင့်နေတယ်။ စီးတော်ကျားကြီးကလည်း သူ့ သခင်မ ပြုတ်ကျလာတော့ … ဟိန်းဟောက်ပြီး လင့်ပေါ်ကို ကုတ်ဖဲ့ တတ်ဖို့ ကြိုးစားနေတာ။
ကိုရွှေသိုက်က အဲဒီကျားငနာကိုပါ သူ့ နှစ်လုံးပြူးနဲ့ နှစ်ချက် ပစ်ချပြီး ကိစ္စတုံးပေးလိုက်ရတယ်။ ဒီတော့ မှ ငြိမ်တော်မူတယ်။ ငါကတော့ … ကိုရွှေသိုက်ကို အပြစ်တင်နေတော့ တာပါပဲ။ ခင်ဗျားလုပ်လိုက်မှဖြင့် သောက်ရမ်းပဲ။
လူသတ်မှုဗျ။ အဲဒါ လူသတ်မှု။ ခင်ဗျား သိလား။ ကျွန်တော်တို့ တော့ … ထောင်နန်းစံရပါပီ၊ ဘာညာပေါ့ကွာ။
ကိုရွှေသိုက်ကတော့ …. တစ်ခွန်းပဲ ပြန်ပြောတယ်။
“ဘသန်း၊ အဲဒီလောက် မပူနဲ့ ။ ငါမှန်းတာ မလွဲရင် မနက်ကျရင် အဲဒီပြသနာ အားလုံးရှင်းသွားလိမ့် မယ်။ ခုအိပ်တော့ ” ..ဆိုပြီး သူက သူ့ နှစ်လုံးပြူးကို ခွပြီး အိပ်ချလိုက်သဗျ။ ငါ့မှာ နှလုံးခုန်နှုန်းဟာ မြန်နေတာကြောင့် တော်တော်နဲ့ ကိုအိပ်လို့ မပျော်ဖူးရယ်။ သို့ ပေ့ မယ်… ဘသားချော ရွှေသိုက် အိပ်နေတာကို ကြည့် ပြီး မထူးတော့ ပါဘူးဆိုပြီး ကိုယ်လည်း အိပ်ချလိုက်ရတယ်။
ဒီလိုနဲ့ လိုရင်းတိုရှင်းပြောရရင်တော့ ကွာ… မနက်မိုးလင်း နေရောင်ခြည်ဖြာတော့ … ငါတို့ လင့်စင်အောက် ဆင်းကြည့် တယ်ဆိုပါတော့ ။ အဲဒီအချိန်မှာ ညက ခေါင်းကို ပြောင်းမှန်လို့ သေထားတဲ့ မိန်းမက ပုတ်သတ်ညိုအကြီးကြီးတစ်ကောင်ဖြစ်နေတယ်ကွာ။ နောက် ကျားသေက တောကြောင် အကြီးကြီးတစ်ကောင်ဖြစ်နေတယ်။ တောကြောင်ကလည်း… ငါတို့ ခါးစောင်းလောက်ရှိတာကိုးကွ။ အဲဒီလို အဖြစ်အပျက်တွေကို ကိုရွှေသိုက်လည်း မြင်ယော…. ၀မ်းသာ အားရနဲ့ ဒီလို ကြုံးဝါးတယ်။
“အောင်ပြီကွ၊ အောင်ပြီ၊ ဒီတော၊ ဒီတောင် ငါပိုင်ပြီ။ ဒီနေ့ က စပြီး ငါ ရွှေသိုက်လာတာနဲ့ … အမဲမရတဲ့ နေ့ မရှိချင်ဘူးဟေး။ အောင်ပြီကွ၊ အောင်ပြီ” ဆိုပြီး လက်သီး၊ လက်မောင်းတန်း ကြွေးကြော်တော့ တာပါပဲ။
သူ အဲဒီလို အော်ဟစ်လိုက်တဲ့ အချိန်မှာ တစ်တောလုံး တစ်တောင်လုံးကလည်း “၀ူး” “၀ါး” စသဖြင့် တောခြောက်သလို ဆူညံသွားတာပါပဲကွာ။ ငါဖြင့် ကြက်သီးတွေ တစ်ဖြန်းဖြန်း ထလာတယ်။
ဒီလိုနဲ့ ငါတို့ တောကြောင်ကို အမဲဖျက်ကြတယ်ဆိုပါတော့ ။ ပြီးတော့ ကိုရွှေသိုက်က ငါ့ကို လင့်မှာထားခဲ့ ပြီး သူ တောထဲဝင်သွားတယ်။ ပြန်လာတော့ … သူညက ပစ်လိုက်တဲ့ ဆတ်သေကြီးကို ထမ်းလာတယ်ကွ။ ငါလည်း တော်တော်လေး အံ့ သြသင့်သွားတယ်။ သေနတ်သံလည်း မကြား၊ ဘာလည်း မကြားနဲ့ ဒီဆတ်သေကို ထမ်းလာတယ်ပေါ့နော်။ အဲဒါနဲ့ … “ကိုရွှေသိုက် အဲဒီဆတ်သေဟာ မနေ့ က ပစ်လိုက်တာမလား? ဘယ်လိုပြန်ရလာတာလဲ? တကယ် ရှင်သွားတာလား? အဲဒီနေရာမှာပဲ သေနေသေးတာလား?” ဆိုပြီး မေးခွန်းတော်တော်များများ မေးဖစ်လိုက်တယ်။
ကိုရွှေသိုက် ဘယ်လို ပြန်ဖြေသလဲဆိုတော့ တုံးတိတိပဲနော်။
“ရှင်သွားတယ်။ ဒါပေ့ မယ် ဒီတော ဒီတောင်ဟာ ငါပိုင်နက်ဖြစ်သွားပြီ။ ငါလာရင် သူတို့ မပေးလို့ မရတော့ ဖူးလေ ဘသန်းရဲ့ ။ ဒါပေ့ မယ် ငါမင်းကို တစ်ခုတော့ ပြောထားမယ်။ ဒီကိစ္စကို ဘယ်မှ မပေါက်ကြားပါစေနဲ့ ။ ပေါက်ကြားရင် မင်းကို ငါလာသတ်မယ်။ မဟုတ်ရင် မင်းငါ့ကို အရင်လာသတ်။ ကြားလား ဘသန်း” ဆိုပြီး ပြောသွားတယ်။
အဲဒီကတည်းက ကိုရွှေသိုက်တစ်ယောက် နောက်တစ်ခါ တောထဲ တောင်ထဲသွားတိုင်း ငါ့ကို မခေါ်တော့ ဖူး။ သို့ ပေ့ မယ် သူသွားတိုင်းလည်း …. တောကောင်၊ သားကောင် ရလာခဲ့ တာချည်းပဲ။ မရတဲ့ နေဆိုတာကို မရှိခဲ့ ပါဖူးကွာ။ ငါကတော့ ကိုယ့် ဆရာအရင်းပေမို့ သူနဲ့ ပဲ လိုက်ချင်တာပ။ သို့ ပေ့ မယ်သူက အဲဒီကိစ္စဖြစ်ပြီးကတည်းက ငါ့ကို တစ်ရှောင်ရှောင်လုပ်သွားတယ်။ နောက်ဆုံး အဆက်ဖြတ်သွားတယ် ဆိုပါတော့ ကွာ။ ငါလည်း နောက်ပိုင်း သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဒီဇာတ်လမ်းကိုတောင် ငဇူး မေးနေလို့ …. ဒါ ပထမဦးဆုံး ပြန်ပြောလိုက်တာ။
“၀ူး…. မောလိုက်တာကွာ”….. ဦးဘသန်းတစ်ယောက် အရက်တစ်ခွက်ကို ထပ်ငှဲ့ သောက်လိုက်တယ်။
ဦးဘသန်းရဲ့ စကားအဆုံးမှာ အနော်တို့ အားလုံး… အတွေးကိုယ်စီနဲ့ … ငြိမ်သက်သွားကြတယ်။ ကိုရွှေသိုက်နဲ့ လည်း ပြန်မဆုံဖြစ်တော့ ဖူးလို့ သူက ပြောလိုက်တော့ … ပြောစရာ စကားကလည်း ပြတ်သွားတယ်။ သို့ ပေ့ မယ် အနော်က ထပ်မေးမိတယ်။
“ဦးဘသန်း မရှင်းလို့ နော်။ ဒီလိုဗျာ။ အဲဒီဆော်ကြီးကို ဦးရွှေသိုက်က သတ်လိုက်တယ်။ ဒီတော့ … သူက တစ်ပွဲစားဖြစ်သွားရောလား? အဲဒီလိုပြောတာလား? ဟိုအသတ်ခံလိုက်၇တဲ့ ဆော်ကြီးက ဘာမို့ လဲ၊ အဲဒါ မရှင်းလို့ ပါ” ဆိုတော့ …။
သူက …
“ဒီလိုကွ၊ ငဇူးရ။ တောထဲ၊ တောင်ထဲမှာက အမှန်တကယ် အပိုင်စားတွေ ရှိကြတယ်။ ဒီတောကို စောင့်ေ၇ှာက်တဲ့ နတ်သဘောမျိုးပေါ့။ အဲဒီလိုနတ်တွေကလည်း တစ်ခါတစ်ရံတောထဲ တောင်ထဲကို လာပြီး မုဆိုးလုပ်နေတဲ့ သူတွေ၊ လမ်းမှားလာတဲ့ သူတွေကို ဖမ်းစားတတ်တယ်။ ခုန ကိုရွှေသိုက်ဆီက ဟိုတောင်စောင့်မက ဆေးလိပ်၊ ကွမ်းယာတောင်းတယ်ဆိုတာ… အကောင်းတောင်းတာမဟုတ်ဖူး။ သူတို့ က လူရဲ့ စိတ်ကို ဖမ်းစားလိုက်တာ။ မင့်ဆီက ကွမ်းရာကို မင်းပေးလိုက်တယ်။ သို့ ပေ့ မယ် ပေးတဲ့ အခါမှာ စိတ်ပါလို့ ပေးတာ၊ ဘယ်သူကမှ စိတ်မပါပဲ မပေးဖူး။ ဟုတ်တယ်မလား။ ဒီတော့ … မင်းတို့ ရဲ့ စိတ်ကို သူက ဖမ်းစားသွားနိုင်ပြီ။ မင်းက ခွင့်ပြုလိုက်တာကိုး။ ဒါကြောင့် သူတို့ က ဆေးလိပ်၊ ကွမ်းယာတောင်းတာ။ ဒါ အလွယ်ဆုံးနည်းကိုး။ ဒါကို ကိုရွှေသိုက်ကလည်း မုဆိုးသက်ရင့်နေတာက တစ်ကြောင်း။ ပြီးတော့ … အခြေအနေကို ရိပ်မိတာက တစ်ကြောင်း။ ဒါကြောင့် အလုံးစုံးကို ခြုံငုံသုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တာ။ သို့ ပေ့ မယ်…. မပျော်နဲ့ ။ အဲဒီ တောစောင့်မကို သတ်ပြီးပြီးဆိုရင်ဖြင့် တောစောင့်နေရာလွတ်သွားပါယောလား။ ဒီတော့ … အဲဒီနေရာမှာ သတ်ခဲ့ တဲ့ လူက ပြန်စောင့်ရတယ်မောင်။ မယုံမရှိနဲ့ ။ တစ်ပွဲစားဆိုတာ ဒီလိုပဲ။ လူဘ၀မှာတော့ … စားပေါ့။ အသားကုန်။ ဒီတောထဲက ရတဲ့ ပစ္စည်း ရသလောက်ယူပေတော့ ။ သေရင် ပြန်စောင့်ရမဲ့ အတူတူ မထူးပါဘူး။ မသေခင် ရိက္ခာပေးပြီး ရာထူးပေးပြီး အလုပ်ခန့် တဲ့ သဘောပါကွာ…… ဟား….ဟား…..ဟားး….ဟား……” ဆိုပြီး ပြောချပြီး ရယ်ချလိုက်တဲ့ သူ့ အသံဟာလေ။ အနော်တို့ ဖြင့် နှလုံးသွေးရပ်တန့် သွားမလားတောင် … ထင်ရပါတယ်ဗျာ။ တိတ်ဆိတ်နေတဲ့ ည ကွပ်ပျစ်ဝိုင်းတစ်ခုလုံး သူ့ အသံက ဟိန်းထွက်သသွားတာ။
အဲဒီနေ့ ည စကားဝိုင်းကတော့ …. သူ့ ရီသံပီးနောက် ဘာမှ ထပ်မလာနိုင်တော့ ပါဘူး။ လူတွေအားလုံးက တိတ်ဆိတ်လို့ … အတွေးကိုယ်စီနဲ့ … အရက်ချည်း ဖိသောက်နေရပါကြောင်း……။ ။
ပြီး၏….။
မှတ်ချက်။ ။ တစ်ပွဲစား = သားကောင်၏ သဘာဝကို နားလည်သလို ခြေရာခံအတတ်ပညာ၊ အနံ့ခံအတတ်ပညာများကို ဘ၀ပေးအသိဖြင့် တတ်မြောက်လာသူ၊ ရာသီအလျောက် တောကောင်များ မည်သည့်နေရာတွင် ရှိကြောင်း အတတ်ပြောနိုင်သူ။
Creadit by  သရဲစာအုပ်များ
https://www.facebook.com/permalink.php?id=253764448134865&story_fbid=253779778133332

Thursday, March 27, 2014

ကျွန်တော်နှင့် ဦးလေးပြုံး


လောလောလတ်လတ် ကြုံတွေ့ခဲ့ရတဲ့ သရဲဇာတ်လမ်းလေး တစ်ပုဒ်ပြောပြချင်ပါတယ်..။ အဲ့ဒီညက ရီးရဲလ်နဲ့ မန်ယူတို့ ချံပီယံလိဂ် ရှုံးထွက် ပထမအကျော့ ကစားမယ့်ည… ကိုယ်ကလည်း မန်ယူပရိတ်သတ်ဆိုတော့… အဲ့ဒီနေ့မှာ နေ့လည် ကတည်းက မနေနိုင် မထိုင်နိုင် ရွှပိုးထိုးပြီး ဘောလုံးပွဲကို စောင့်နေမိတော့တာပဲ…။
ညရောက်လာတော့ မအိပ်ချင်တာနဲ့ပဲ ကော်ဖီလေးသောက် PES 2013 လေးဆော့ရင်း ည ၂း၁၅ မှာ လာမယ့် ဘောလုံးပွဲလေးကို စောင့်မျှော် နေတာပေါ့ဗျာ…။ အဲ့ဒီမှာ ၁း၀၀ လောက်လဲရောက်ရော… ကျေးဇူးရှင်မီးက ပျက်ပါရောလား…။ ဒီလောက်ကြည့်ဖို့ အားခဲ လာပြီးမှ ဒီအချိန်ကျမှ မီးကပျက်သွားရတယ်လို့…။ အပြင်သွားကြည့်ဖို့ စိတ်ကူးလိုက်တယ်…။ ဒီအချိန်ဆို အလင်းပေါက် ဆိုင် တစ်ဆိုင်ဆိုင်တော့ မီးစက်နိုးပြီး ဘောလုံးပွဲပြကောင်းပါရဲ့…။
ဒီတော့ အနွေးထည်ဝတ်..၊ ဆိုင်ကယ်ထုတ်…စက်နိုးပြီး တက်ခွကာမှ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆုံးသွားတဲ့ ဦးလေးပြုံးကြီးကို မျက်စိထဲ ဗြုံးဆို ပြေးမြင်မိပါရောဗျို့…။ ဦးလေးပြုံးက ကျွန်တော်နဲ့ တော်တော်ကိုခင်တာ..။ ဒီနေ့ သူ့ရဲ့ ရက်လည်လေ…မနက်ကတောင် သူ့အိမ်မှာ ၀က်သားဟင်းနဲ့ ထမင်းသွားဆွဲ လာခဲ့သေးတယ်…။ ဦးလေးပြုံးက ဘောလုံးပွဲလည်း ၀ါသနာပါတယ်…။ သူလည်း မန်ယူပရိတ်သတ်ပဲ…။ အရင်အပတ်တွေအထိ ညဆို ကျွန်တော့်အိမ်မှာ ဘောလုံးပွဲ လာကြည့်နေကျလေ..။ မန်ယူပွဲဆို ဘယ်သူမှမရှိလည်း သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်း ဘယ်လောက် ညနက်နက် စောင့်ကြည့်ကြတာ… အိမ်မှာက Skynet ပဲတပ်ထားတော့ Premier League ပွဲတွေဆို ဘယ်လောက် ညနက်နက် ဦးလေးပြုံးရယ် ကျွန်တော်ရယ် အပြင်ထွက်ကြည့်နေကျ… ဦးလေးပြုံးက လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုင်ကယ်နဲ့ ကားနဲ့ ဂျိမ်းပြီး ပွဲချင်းပြီး ဆုံးသွားတာလေ…။
အဲ့ဒါမှ ဒုတ်ခပဲ…။ ဘောလုံးပွဲ သွားကြည့်ဖို့ဆို ကျွန်တော်က သူ့အိမ်ရှေ့က ဖြတ်သွားရမှာ..။ ဒီနေ့ကလည်း သူ့ရက်လည် ၇ ရက်ပြည့်တဲ့နေ့..၊ ရက်လည်တဲ့ နေ့ဆို သေဆုံးသူတွေက ခင်မင်ရင်းနှီးသူတွေကို နောက်ဆုံးအနေနဲ့ လိုက်လံ နှုတ်ဆက်တတ်တယ်လို့ ကြားဖူးတယ်…၊ ပြီးတော့ သူက မန်ယူပရိတ်သတ် ဘောပွဲ ၀ါသနာအိုး..ဒီနေ့ကန်မှာက ရီးရဲလ်နဲ့ မန်ယူ ရှုံးထွက်….။ တွေးရင်း တွေးရင်းနဲ့ ကျွန်တော် ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်…။ နောက်ဆုံး အိမ်ထဲ ပြန်ဝင်ပြီး ပြန်ဝင်အိပ်ဖို့ စဉ်းစားမိလိုက်တယ်…။ ဒါလည်း မဟုတ်သေးဘူး..။ ဘာမှမသေချာသေးတဲ့ကိစ္စအတွက်.. ငါအရမ်းကြည့်ချင်တဲ့ ဒီပွဲကို မကြည့်ရတော့ဘူးလား…..။ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချပြီး အိမ်ကနေ ဆိုင်ကယ်ကို မောင်းထွက်ခဲ့လိုက်တယ်…။
လမ်းထဲမှာ ဆိုင်ကယ်မောင်းနေရင်း ဦးလေးပြုံးအိမ်ကို လှည့်မကြည့်ဖို့ ကိုယ့်စိတ်ကိုယ်ကို သတိပေးထားလိုက်တယ်..။ အရင်ဆို သူ့ကို ၀င်ခေါ်နေကျမှတ်လား…။ ရင်တွေလည်း တစ်ဒိတ်ဒိတ် ခုန်နေတာ ရင်ဘတ်ထဲ ဆိုင်းဝိုင်းဝင်နေလား မှတ်ရတယ်…။ ဆိုင်ကယ်ကိုတော့ အရမ်းမမောင်းရဲဘူးဗျ..။ တော်ကြာ ဆိုင်ကယ်မှောက်ပြီး မထနိုင်မှ ဦးလေးပြုံးကြီး လာထူနေလို့ ပိုဆိုးနေအုံးမယ်… ဒါကြောင့် ဆိုင်ကယ်ကိုပုံမှန်လေးပဲမောင်း…. စိတ်ထဲမှာ ဦးလေးပြုံးဆီ စိတ်မရောက်အောင် မန်ယူတော့ ဒီည ဘယ်သူတွေ ကို Lineup ထုတ်လောက်မလဲလို့ စဉ်းစားနေလိုက်တယ်…။
ဆိုင်ကယ်ကို မောင်းရင်းကနေ ဦးလေးပြုံး အိမ်ရှေ့လည်း ရောက်ရော…..
အပုပ်နံ့ကို ကျွန်တော် ရလိုက်တယ်…။ ကြက်သီးတွေလည်း တစ်ဖြန်းဖြန်း ထသွားတယ်…။ ပြီးတော့ ဆိုင်ကယ်နောက်ကနေ တစ်ရှပ်ရှပ်နဲ့ ပြေးလိုက်နေတဲ့ ခြေသံ…။ ကျွန်တော် ကြောက်ကြောက်နဲ့ ဆိုင်ကယ်ကို အရှိန်တင်လိုက်တယ်…။ ခြေသံက တစ်ရှပ်ရှပ်နဲ့ ကြားနေရတုန်းပါပဲ..ခဏကြာတော့ ကျွန်တော့်ဆိုင်ကယ် နောက်ပိုင်း အိကျသွားတယ်..။ သွားပြီ…။ ကျွန်တော် သိလိုက်ပြီ…။ ဦးလေးပြုံးကြီး ကျွန်တော့်ဆိုင်ကယ်နောက်ထိုင်ခုံပေါ်မှာ တက်ထိုင်နေပြီလေ…။
ကျွန်တော် ခေါင်းတွေ ဇကောလောက်ကြီးသွားမယ်ထင်တယ်..။ လူတစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေပြီ..။ ဆိုင်ကယ်ကိုလည်း မရပ်ရဲ..။ နောက်လည်း လှည့်မကြည့်ရဲဘူး..။ ကိုယ်စီးနေကျ ဆိုင်ကယ် ကိုယ်သိတာပေါ့..။ အခုစီးနေရတာ လူနှစ်ယောက် weight ကြီးဆိုတာကို…။
ပါးစပ်ကနေ ရသမျှ ဘုရားစာတွေ.. ရွှတ်ဆိုနေမိတယ်…။ စိတ်ထဲကလည်း ဦးလေးပြုံးရေ… ကျွန်တော့်ကို မစပါနဲ့တော့..၊ ကျွန်တော် ကြောက်လို့ပါ… ဆိုပြီး ထပ်တလဲလဲ ပြောနေတော့တယ်…။ ဒီလိုနဲ့ ခဏကြာတော့ ဘောလုံးပွဲပြနေတဲ့ အလင်းပေါက် ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တွေ့လိုက်ရတယ်..။ မီးရောင်ကလေးနဲ့ လူစ နည်းနည်းပါးပါးလေးကို မြင်လိုက်ရတော့ ကျွန်တော် အားရှိသွားတယ်…။ ဒါကြောင့် အရှိန်မြင့်မောင်းပြီး ဆိုင်ရှေ့မှာ ဆိုင်ကယ် အလောတကြီး ထိုးရပ်လိုက်တယ်…။ ပြီးတော့ ခပ်မြန်မြန် ဆိုင်ထဲ ၀င်သွားပြီး ထိုင်လိုက်တယ်… ဘောလုံးပွဲက မစသေးပါဘူး… ခုမှ Lineup ထိုးတုန်းပါ..။
"အစ်ကို ဘာသောက်မလဲ.." ဒီလိုချမ်းအေးနေတဲ့ညမှာ ချွေးတရွှဲရွှဲနဲ့ တုန်ရင်နေပုံရတဲ့ ကျွန်တော့်ကို ကြည့်ပြီး စားပွဲ ထိုးလေး အံ့သြနေပုံရတယ်…။
"နွားနို့ တစ်ခွက်..၊ ထပ်တရာ တစ်ပွဲပေး…"
"ဟိုဦးလေးအတွက်ကော… မှာထားမလား..အစ်ကို…"
"အမ်…ဘယ်ဦးလေးတုန်းကွ…"
"အစ်ကို့ ဆိုင်ကယ်နောက်က ဦးလေးကိုပြောတာလေ.. အစ်ကိုဆိုင်ကယ်ရပ်နေတုန်း..၊ ဟိုဘက်ထဲ ၀င်သွားတာ တွေ့လိုက်တယ်....၊ အပေါ့သွားတာ ထင်တယ်…"
"ဘာ…"
ကျွန်တော် စားပွဲထိုးကို ဘာပြန်ပြောမိလဲ မမှတ်မိတော့ပါ…။ သေချာပါတယ်…၊ ဦးလေးပြုံး ကျွန်တော့်ဆိုင်ကယ်နောက်က နေလိုက်လာပါတယ်…။ သူ့ဒီလိုလိုက်လာတာဟာ ကျွန်တော့်ကို နှုတ်ဆက်ချင်လို့လား…ဒါမှမဟုတ် မန်ယူပွဲကို ကြည့်ချင် လို့လား ဆိုတာကိုတော့…. ဦးလေးပြုံးမှတစ်ပါး တစ်ခြားလူ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး…..
ဦးလေးပြုံး ကောင်းရာမွန်ရာ ရောက်ပါစေဗျာ…။
ဘောလုံးပွဲက (၄း၀၀) လောက်မှာပြီးပါတယ်..။ အဲ့ဒီအချိန် မပြန်ရဲသေးတာနဲ့ မနက် (၆း၀၀) နာရီအထိ လင်းအောင် စောင့်ပြီးမှ အလင်းပေါက်ဆိုင်ကနေ ပြန်ခဲ့ရပါတယ်ဗျာ….။

ဆွဲကြိုးချသေတဲ့ ညီမသုံးဖော်


ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ (၁၀) တန်းတွေကို Night Guide ပြန်လုပ်ပေးဖြစ်ပါတယ်..၊ Night Guide လုပ်ပြီး သုံးနှစ်မြောက်မှာ ၀ိုင်းတစ်ခုကနေ Night Guide လုပ်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်...၊ အဲဒီဝိုင်းက ဘူတာဘက်မှာရှိတာပါ..၊ ကျွန်တော့်အိမ်ကနေ ပုံမှန်အတိုင်း ဆိုင်ကယ်စီးသွားရင် မိနှစ် (၂၀) လောက်တော့ စီးရပါမယ်..အဲဒီသွားတဲ့လမ်းမှာ… နာမည်ကြီးအိမ်ပျက်ကြီး တစ်အိမ်ရှိပါတယ်…။
နာမည်ကြီးတာကတော့ အဲဒီအိမ်မှာ အရမ်းချောတဲ့ ညီမသုံးယောက်နေကြောင်း၊ တစ်နေ့ ဘာအကြောင်းကြောင်းမှ မရှိပဲ ညီမသုံးယောက်လုံး အိမ်ထဲမှာ ဆွဲကြိုးချပြီးသေနေကြောင်း၊ သူတို့ သုံးဦး မကျွတ်မလွတ်ဘဲ အခုချိန်ထိ လမ်းသွားလမ်းလာတွေကို ခြောက်လှန့် နေကြောင်း … စသည်ဖြင့် …ကြားသိထားပါတယ်…ဒါတွေက ဟုတ်မဟုတ်တော့ မသိပါဘူး… ကျွန်တော်၎ နှစ်သားအရွယ်မှာ ဖြစ်ပျက်ခဲ့တာလို့တော့ သိရပါတယ်… ကျွန်တော်ကတော့ ယခင်က မကြုံတွေ့ဖူးပါ… နေ့ခင်းဘက် ခဏတစ်ဖြုတ် ဖြတ်သွား ဖူးတာလောက်ပဲရှိပါတယ်..၊ ဒါပေမယ့် ဖြတ်သွားရင်း ခဏတစ်ဖြုတ် လှမ်းကြည့်မိလိုက်ရင်ပဲ အိမ်ပျက်ကြီးဟာ ကြက်သီးများ တစ်ဖြန်းဖြန်း ထသွားလောက်အောင် ကြောက်စရာ ကောင်းနေတာကိုတော့ သတိထားမိပါတယ်..
အိမ်ကြီးပုံစံကို ပြောပြပါအုံးမယ်..၊ အိမ်ကြီးက ကျွန်တော် အိမ်ကနေ၀ိုင်းကို လာရင် လမ်းမကြီးရဲ့ ညာဘက်မှာ တည်ရှိပါတယ်..၊ နှစ်ထပ်အိမ်ကြီးပါ..၊ တံခါးတွေက ပျက်စီးနေပြီဖြစ်သလို နံရံတွေပေါ်မှာလည်း အပင်တွေ ၀င်ရောက် တွယ်ကပ်နေပြီဖြစ်ပါတယ်..၊ မှန်ပြတင်းများက ကွဲနေသလို လေတိုက်ရင် တံခါးများက လက်ခုပ်တီးသလို တစ်ဖျန်းဖျန်း မြည်နေပါတယ်..၊ အိမ်ကြီးက လမ်းဘက်ကို မျက်နှာမမူပဲ ညာဘက်ကို လှည့် ဆောက်ထားပါတယ်..၊ ကျွန်တော်တို့ ရှမ်းပြည်အယူအဆအရ ဒါမျိုးလှည့်ဆောက်ထားရင် နိမိတ်မကောင်းဘူး လို့ ယူဆကြပါတယ်…၊ တစ်ဝန်းလုံးလည်း ချုံနွယ် ပိတ်ပေါင်းတွေ ပြည့်နှက်နေပြီး…၊ လပြည့်ညတွေဆို.. လမ်းပေါ်ကနေ ကြည့်ရင် လရောင်နဲ့ အိမ်ကြီးထဲကို တံခါးပေါက်..၊မှန်ကွဲ..များမှတစ်ဆင့် အတိုင်းသား မြင်ရပါတယ်။
ကျွန်တော် Night Guide လုပ်တာ ညဆိုရင် ၀ိုင်းမှာ ညအိပ်လေ့မရှိပါဘူး.. ည ၁၁း၀၀ နာရီလောက်ဆို အိမ်ပြန်အိပ်ပါတယ်..၊ စာမေးပွဲ နီးမှသာ ၀ိုင်းမှာ အိပ်ဖြစ်တာပါ…၊ တစ်ည… ကျွန်တော် ၁၁း၀၀ ထိုးတာနဲ့ ကလေးတွေကို နှုတ်ဆက်..၊ ဆိုင်ကယ်မောင်းပြီး…၊ အိမ်ပြန်ခဲ့ပါတယ်..၊ ငါးမိနစ်လောက်စီးပြီးရင်ပဲ… ဆိုင်ကယ် နောက်ဘီးက ထောင်းကနဲ အသံကြားလိုက်ရတယ်.. ဆိုင်ကယ်ရပ်ပြီး စစ်ဆေးကြည့်လိုက်တော့.. ချိန်းကြိုး ပြတ်သွားတာ… ဒီလိုအချိန်ဆိုရင် ရန်ကုန်၊ မန္တလေးလိုမြို့မျိုးမှာ စည်ကားနေသေးပေမယ့် လားရှိုးလိုမြို့ ကတော့ ဆိုင်တွေ အကုန်ပိတ်ပြီး လူသွားလူလာ လုံးဝ ပြတ်သွားတဲ့ အချိန်မျိုးပါ…၊ ကျွန်တော်လည်း လုပ်ဖို့ တစ်ခုပဲရှိပါတော့တယ်..၊ ဒါကတော့ အိမ်ထိ ဆိုင်ကယ်ကို တွန်းပြီးပြန်သွားဖို့ပါပဲ…။
ကျွန်တော်ဆိုင်ကယ်တွန်းပြီး ၁၀ မိနစ်လောက်ကြာအောင် လမ်းလျှောက် ပြီးတော့ အဲဒီအိမ်ကြီးကို လှမ်းမြင်လိုက်ရပါတယ်..၊ အိမ်ကြီးမြင်မှ ကျွန်တော် သတိရတာကို ငါဒီအိမ်ကြီးရှေ့က ဘယ်လို ဖြတ်လျှောက် ရမလဲဆိုတာပါပဲ..၊ ကျွန်တော် ဆိုင်ကယ်ကို ဒေါက်ထောက်၊ နောက်ကဖြစ်ဖြစ် ရှေ့က ဖြစ်ဖြစ် တစ်ခြား အဖော်များ လာလေမလားဆိုပြီး စောင့်ကြည့်နေပါသေးတယ်..၊ ဘယ်သူမှ ပေါ်မလာပါဘူး..၊ လာကလည်း ထိန်ထိန် သာလျှက်ပါ…၊ နောက်ဆုံး…ဖြစ်ချင်ရာဖြစ်..သွားမယ်ကွာ… သူတို့က လူကို ခြောက်ပဲခြောက်နိုင်တာ.. ဘာမှ လုပ်နိုင်တာမဟုတ်ဘူးလို့တွေးပြီး… ဆိုင်ကယ်ကို တွန်းလာခဲ့ပါတယ်…၊
အဲဒီခြံရှေ့ စရောက်တာနဲ့ လူကို ကြက်သီးတဖြန်းဖြန်း ထသွားပါတယ်..၊ ကျွန်တော် သတိထားမိတာ က ကျွန်တော် သရဲ၊ ၀ိဥာဉ်၊ နာနာဘာဝတွေ ခြောက်လှန့်တာ မခံရခါနီး ကြက်သီးထတတ်တာပါပဲ…၊ ကျွန်တော် ကိုယ့်စိတ်ကိုယ်တင်းပြီး ဆိုင်ကယ် ဆက်တွန်းလာတယ်..၊ အရင်ဆုံး ကျွန်တော် ကြားလိုက်ရတာက မိန်းကလေးတွေရဲ့ ရီသံကိုပါ… ကျွန်တော်ခေါင်းကြီးသွားပါတယ်..သွားပြီ.. ငါတော့ အခြောက်ခံနေရပြီ လို့တွေး မိပါတယ်.. ကျွန်တော် ပါးစပ်ကလည်း ရသမျှ ဘုရားစာတွေ ဆိုပါတယ်..၊ ကိုယ်အရမ်းရတဲ့ ဘုရားစာ တွေက ဒီလိုအချိန်မှာ အကြောက်လွန်ပြီး မေ့သွားတတ်ပါတယ်..၊ သြကာသ တောင် ဆက်မဆိုတတ်လောက် အောင်ကို ဖြစ်သွားပါတယ်..ကျွန်တော် ကိုယ်တွေ့ပါ..၊ ကျွန်တော် အိမ်ထဲကို လှည့်မကြည့်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်..၊ ဟုတ်တယ်လေ.. သူတို့က ကြည့်စေချင်လို့ ရီသံပေးနေတာကို ကျွန်တော်က လှမ်းကြည့်လိုက်ရင်.. ကျွန်တော် အခြောက်ခံရမှာပေါ့..ကျွန်တော် ခေါင်းငုံပြီး ဆိုင်ကယ်ကိုသာ ဆက်တွန်းပါတယ်..၊ ဘုရားစာမရတော့..၊ သီချင်းပြောင်းဆိုကြည့်တယ်..၊ ဒါကျတော့ ရတယ်ဗျ… မမေ့ဘူး.. .. စိတ်အာရုံကို အဲဒီ အိမ်ကြီးဘက်မရအောင် ထိန်းထားတယ်..၊ ရီသံခဏပျောက်သွားတယ်..၊ ခဏတော့ စူးစူးဝါးဝါးအော်ငိုသံတွေ ထွက်လာတယ်…၊ ကလေးကို မိဘက အသားကုန်ရိုက်လို့ ငိုနေတဲ့ အသံမျိုးပါ..၊ ဒါပေမယ့် ကလေးသံတော့ မဟုတ်ပါဘူး..၊ ခုနက ရီနေတဲ့ အမျိုးသမီးတွေအသံပါပဲ… ဒီတစ်ခါတော့ ကျွန်တော်လည်း လှည့်မကြည့်ပဲ ဆိုင်ကယ်ကို တွန်းပြီး တောက်လျှောက်ပြေးပါတော့တယ်..၊ ပြေးလေ နှေးလေပါပဲ..ကိုယ့်ကိုယ်ကို အရမ်းနှေး တယ်လို့ ထင်မိပါတယ်..၊ လူတစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲနေပါပြီ..၊ အဲဒီအိမ်ကို ကျော်သွားမှပဲ ဆိုင်ကယ် ခဏရပ်ကာ အမောဖြေနေလိုက်ပါတယ်..
အဲဒီအချိန်မှာ ကျွန်တော့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရတယ်..၊ လူတစ်ယောက်က ကိုယ့်ကို နောက်ကနေ စိုက်ကြည့်နေရင် မသိစိတ်ကနေ သိတတ်တာကို လူတိုင်း ကြုံဖူးမှာပါ..ကျွန်တော်ခံစားရတာလဲ.. အဲဒီအတိုင်းပါပဲ…ကျွန်တော်လည်း.. ဘာဖြစ်လဲ.. ငါအဲဒီခြံဝန်းကျော်လာ ပြီပဲဆိုပြီး.. လှည့်ကြည့်လိုက်ပါတယ်…. အဲဒီမှာ …လားလား… အဲဒီအိမ် အပေါ်ထပ် ပြတင်းပေါက်ကနေ ကျွန်တော့်ကို သေချာ စိုက်ကြည့်နေတဲ့ အမျိုးသမီး သုံးဦးကို လရောက်အောက်မှာ တွေ့လိုက်ရပါတယ်..၊ မျက်နှာကတော့ မည်းတူးနေတာပါပဲ… ဆံပင်တွေကတော့ အရှည်ကြီးတွေပါ… အရပ်လည်း တော်တော်ရှည်ကြပါတယ်…၊
ကျွန်တော် ပြန်လှည့်ကြည့်တာလည်း မြင်ရော ညီမသုံးယောက်လုံး နောက်လှည့်ပြီးပြေးပါတယ်..၊ ခြေသံတွေ တစ်ဒုန်းဒုန်းကို အတိုင်းသား ကြားနေရပါတယ်..၊ အောက်ထပ်ကို ပြေးဆင်းလာတာပါ…၊ ပြီးတော့ ခြံဝန်းထဲကို ပြေးထွက်လာကြပါတယ်….
ကျွန်တော် ဘာမှ စဉ်းစားမနေတော့ပါဘူး…၊ ဒါသူတို့ ကျွန်တော့်နောက်ကို လိုက်မလို့ ပြေးဆင်းလာကြတာပါ…ကျွန်တော်ဆိုင်ကယ်ဒေါက်ပြန်ဖြုတ်…တွန်းပြီး … ပြေးပါတော့တယ်… ပုဆိုးဝတ် ထားတာဆိုတာ့ လိုသလောက် ခရီးမပေါက်ပါဘူး…. ဒါပေမယ့် လုံးဝ နောက် လှည့် မကြည့်တော့ ပါဘူး…ကျွန်တော်တို့ လမ်းထိပ် ရောက်တဲ့အထိ လုံးဝ မရပ်ပဲ တောက်လျှောက် ပြေးပါတော့တယ်…၊
ကျွန်တော်တို့လမ်းထဲဝင်တော့ ကျွန်တော် သတ္တိရှိသွားပါပြီ…ဒီလမ်းက ငယ်ငယ်လေးကတည်းက နေခဲ့တာမို့လို့ ကြောက်စိတ်လုံးဝမရှိပါ… ဒီလမ်းထဲထိတောင် လိုက်လာရင်တော့ ရင်ဆိုင်တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဆိုင်ကယ်ကိုရပ်ပြီး နောက်လှည့်ကြည့်လိုက်ပါတယ်…၊
ကျွန်တော့်စိတ်ထဲမှာတော့ ဘာမှ မရှိတော့ဘူးထင်ပြီး လှမ်းကြည့်လိုက်တာပါ… ဒါပေမယ့် လမ်းထိပ်မှာ အံတွေကြိတ်ပြီး.. မျက်နှာမည်းတူးပြီး..ဆံပင်အရှည်ကြီးတွေနဲ့ တော်တော်အရုပ်ဆိုးတဲ့ အဲဒီညီမသုံးယောက် ရပ်နေတာကို တွေ့လိုက်ရပါတယ်…စိတ်တိုနေတဲ့ပုံတွေပါ.. အံတွေကြိတ်ထားလို့ မေးရိုးတွေတောင် ထောင်လို့ပါ…၊ ကျွန်တော် ရပ်နေပါတယ်…၊ သူတို့ လိုက်မလာပါဘူး…၊ လမ်းထိပ်ကနေသာ ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်..၊ ကျွန်တော်လည်း ကိုယ့်လမ်းထဲမှာ မပြေးဖို့ ဆုံးဖြတ်ထားလို့ မပြေးပါဘူး…၊ သူတို့ ၀င်မလာပါဘူး… ကျွန်တော့် အထင် လမ်းထဲကို ၀င်လို့မရလို့ထင်ပါတယ်..၊ ကျွန်တော်လည်း အမောပြေမှ ဆိုင်ကယ်ကို အိမ်ထဲ အေးအေးဆေးဆေးတွန်းဝင်.. ရေသောက်…ဘုရားရှိခိုး.. မေတ္တာသုတ်ကို ရွှတ်ဖတ်ပြီး အိပ်ယာဝင်ခဲ့ပါတော့တယ်…။
နောက်မှ ပြန်တွေးကြည့်မိတော့ ကျွန်တော် တစ်ကယ်လို့ ပထမနေရာမှာ ကတည်းက မပြေးပဲ ရပ်နေမယ် ဆိုရင် သူတို့ ကျွန်တော့်ကို ဘာလုပ်ကြမှာလဲ…အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာပြီး.. ကျွန်တော့်ကို သူတို့ ခြောက်လှန့်ချင်လို့လား..ဒါမမဟုတ်..အကူအညီတောင်းစရာရှိလို့လား… အကူအညီတောင်းဖို့တော့ ဖြစ်ဟန် မတူပါဘူး… ဒေါသတွေကြီးပြီး စိတ်တိုနေတဲ့ သူတို့ ဟန်ပန်ကြည့်ရတာ.. လူကို ဒုက္ခပေးဖို့ ရည်ရွယ် ချက်ရှိဟန်တူပါတယ်…
ဒါဆိုဘာလို့ သူတို့ အိမ်ရှေ့ ဖြတ်ကတည်းက ..ဆင်းလာပြီး ဒုက္ခမပေးတာလဲ..? ကျွန်တော်သူတို့ အိမ်ရှေ့ဖြတ်လျှောက်တုန်းက ရီသံတွေ..၊ ငိုသံတွေ.. ကြားရပေမယ့် အိမ်ဖက်ကို လုံးဝ မကြည့်ခဲ့ပါဘူး..၊ စိတ်ကိုလည်း… အိမ်ကြီးဖက်မရောက်အောင်… ဘုရားစာဆိုလိုက်.. သီချင်းဆိုလိုက်…လုပ်ခဲ့တာပါ… ခြံဝင်းကျော်မှသာ သိချင်စိတ်ကြောင့် နောက်ကို ပြန်လှည့်ကြည့်မိလိုက်တာပါ…
ဒါဆို ကောက်ချက်ချလို့ရတာက သူတို့နဲ့ စိတ်ချင်း ဆက်သွယ်မှု ရမှသာလျှင် လူကို ဒုက္ခပေးနိုင်တာ ဖြစ်ပါလိမ့်မယ်..၊ ဒါကြောင့် သရဲ ကြောက်တတ်သူများ မိမိ၏ ကြောက်စိတ်က မိမိကို ပြန်လည်ပြီး ဒုက္ခပေး တတ်ကြောင်း အသိပေးလိုပါတယ်.. ကြောက်တတ်ရင် လုံးဝမစဉ်းစားပါနဲ့…မတွေးပါနဲ့… အဲ… ကြုံလာခဲ့ရင် တော့ ကျွန်တော့်လို ပြေးသာပြေးပါ….ဘာမှတွေးမနေပါနဲ့… တစ်ခုတော့ သတိပေးပါရစေ… ပုဆိုးတော့ မြဲအောင် ၀တ်ထားပါ…J
အခုတော့ အဲဒီအိမ်ကြီးလည်း မရှိတော့ပါဘူး.. ဗျူဟာမှူး တစ်ယောက်က ၀ယ်ပြီး စစ်မိန့် နဲ့ နှင်ထုတ် ပြီးပြီလို့ သိရပါတယ်..၊ အိမ်ဟောင်းကြီးကိုဖျက်ပြီး အိမ်သစ်ကြီးလည်း ဆောက်ထားပါတယ်…၊ အဲဒီ ညီမသုံး ဖော်လည်း ကျွန်တော်နဲ့ နောက်ဆုံးတွေ့ပြီးကတည်းက အစပျောက်သွားခဲ့တာ အခုထိ ဘာသတင်းမှ မကြားရ တော့ပါကြောင်း………………………….။

သရဲ ခေါ်ခြင်း


ကျွန်တော်တို့ ည (၁၁း၄၀) မိနစ်လောက်မှာ ကျွန်တော်ရယ် အခြား ကျွန်တော့်သူငယ်ချင်း ၃ ယောက်ရယ် ကျွန်တော့်အိမ်ကနေပဲလူစုပြီး ထွက်လာကြပါတယ်..။ အိမ်ကလူကြီးတွေ ခရီးထွက်နေတာကြောင့်လည်း ကံကောင်းခဲ့ပါတယ်..။ ဒီလိုနဲ့ မုံရွာသူငယ်ချင်းအိမ်မှာ သူ့ကိုဝင်ခေါ်ပါတယ်..။ သူလည်း ကျွန်တော့်ကို စောင့်နေပုံပါပဲ..။ ချက်ချင်းပဲ အိမ်ထဲကနေ ထွက်လာပါတယ်..။ သူတစ်ယောက်တည်း မဟုတ်ပါဘူး..၊ သူ့ဦးလေးလည်း ပါလာပါတယ်…။ သူက ဒီကိစ္စကို သိပ်မကျွမ်းသေးတာကြောင့် အမှားအယွင်း တစ်ခုခု မရှိရအောင် ဦးလေး ဖြစ်သူကို အကူအညီတောင်းထားကြောင်း ပြောပြပါတယ်..။ ဦးလေးဖြစ်သူရဲ့ လက်ထဲမှာတော့ အမဲသား တစ်ဆွဲရယ်..၊ ခြေထောက်လေးချောင်းပါ ခုံရှည်တစ်လုံး ကိုင်ထားတာကို တွေ့ရပါတယ်..။ ကျွန်တော်တို့ သရဲခေါ်ဖို့အတွက် လမ်းဆုံကို ဆက်လက် ထွက်ခွာခဲ့ကြပါတော့တယ်..။
လမ်းဆုံကိုရောက်တော့ ည (၁၂း၁၀) မိနစ်ရှိပါပြီ။ ထုံးအတိုင်း လမ်းဆုံမှာ သူတို့ပူဇော်ထားတဲ့ ဖက်ထဲက ထမင်း၊ဟင်းရယ်..၊ မီးညိမ်းပြီး ကုန်ဆုံးနေပြီဖြစ်တဲ့ ဖရောင်းတိုင်နဲ့ အမွှေးတိုင် အကြွင်းအကျန် တွေ ကိုတွေ့ရပါတယ်..။ ဦးလေးက လမ်းဆုံ အလယ်တည့်တည်မှာ သူ့ဖိနပ်ကို ချွတ်လိုက်ပါတယ်..။ ပြီးတော့ ဖိနပ်တစ်ဖက်ကို မှောက်လိုက်ပါတယ်..။ ဖိနပ်နှစ်ဖက်ပေါ်မှာ ထိုင်ခုံရှည်က မျက်နှာချင်းဆိုင် ခြေထောက် နှစ်ချောင်း ကိုတင်ပါတယ်..။ ကျန်တဲ့ ထိုင်ခုံခြေထောက် နှစ်ချောင်းကိုတော့ လွှတ်ထားပါတယ်..။
ပြီးတော့ အမဲသားဆွဲကို ခုံပေါ်တင်ပါတယ်..။ ကျွန်တော့်သူငယ်ချင်းနဲ့ ဦးလေးဖြစ်သူ ခုံပေါ်မှာ သူတို့ လက်တွေတင်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့ ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်..။ ပြီးတော့ သူတို့ရဲ့ လက်တွေကို လက်မချင်း၊ လက်သန်းချင်း ထိဆက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်မျိုးလုပ်လိုက်ပါတယ်..။ ပြီးတော့ ရှေ့မှာ ပိတ်ပြီး ရပ်ကြည့်နေတဲ့ ကျွန်တော်တို့ကို ဖယ်ခိုင်းပါတယ်..။ သရဲ စခေါ်ပါတော့မယ်..။ ကျွန်တော့်တစ် သက် တစ်ခါမှ မမြင်ဖူးတဲ့ အထူးအဆန်းဆုံး ကိစ္စကြီးကို လက်တွေ့မြင်ရတော့မှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှား မိသလို ကြောက်လည်း ကြောက်နေမိပါတယ်..။
အရင်ဆုံး ပါဠိစကားတွေပါတဲ့ ဂါဏာကို ဦးလေးကြီးက အရင်ရွှတ်ပါတယ်..။ ၂ မိနစ်လောက်ကြာပါတယ်..။
ပြီးတော့ " ဒီလမ်းဆုံလမ်းလေးခွရဲ့ အရှေ့အရပ်မှာ ရှိကြတဲ့..၊ နာနာဘာဝများ ..၊ ဒီခုံလေးမှာ ၀င်ရောက်ပြီး ကျွန်တော်တို့နဲ့ ဆော့ကစားနိုင်ပါတယ်..၊ ဆော့ကစား ပြီးရင်တော့ ခုံပေါ်က အမဲသားကို ကျွေးမှာဖြစ်ပါတယ်..။ ကျွန်တော်တို့နဲ့ ဆော့ကစားမယ်ဆိုရင် ခုံကို လှုပ်ပြပါ " လို့ပြောပြီး သူတို့လက်တွေကို ခုံနဲ့ ၆ လက်မ လောက်ကွာအောင် မြှောက်လိုက်ပါတယ်..။ ပြီးတော့ စက်ဝန်းပုံသဏ္ဍာန် ချိတ်ဆက်ထားတဲ့ သူတို့ လက်တွေကို တစ်ဝက်လောက်ဟ ပေးလိုက်ပါတယ်..။ ၁၀ စက္ကန့်လောက်ပဲ ကြာပါတယ်..။ လက်တွေနဲ့ ခြောက်လက်မ လောက် ကွာထားတဲ့ အဲ့ဒီခုံက ထူးဆန်းစွာပဲ လှုပ်လာပါတယ်..။ ခုံလှုပ်လာပြီဆိုတာနဲ့ သူတို့ နှစ်ယောက်က ခုနက ဟထားတဲ့ လက်တွေကို ပြန်ချိတ်လိုက်ပြီး စက်ဝိုင်းပုံသဏ္ဍာန် အနေအထားကို ပြန်ယူ လိုပါတယ်..။ အခုဆိုရင် ကျွန်တော်တို့ ခုံထဲမှာ အခုဆိုရင် နာနာဘာဝတစ်ကောင် ၀င်ရောက်နေပြီပဲ ဖြစ်ပါတယ်..။
ကျန်တဲ့သူတွေစကားပြောလို့ မရပါဘူး..၊ ခုနက ပါဠိလို ဂါဏာရွတ်ထားတဲ့သူပဲ စကားပြောပြီး မေးမြန်းလို့ရပါတယ်..။ မေးမြန်းတဲ့နေရာမှလည်း ခုံထဲမှာ ၀င်နေတဲ့ နာနာဘာဝက စကားပြောလို့ မရတဲ့ အတွက် ခုံနဲ့ အချက်ပြပြီး အမေးအဖြေ ပြုလုပ်ရပါတယ်..။ မေးတဲ့သူ ကိုယ်တိုင်ကလည်း အဖြေ ပါတဲ့ မေးခွန်းမျိုး မေးပေးရပါတယ်..၊ (ဥပမာ …. သရဲက မိန်းမဆိုရင် ခုံကို တစ်ချက် လှုပ်ပြပါ..၊ ယောက်ျားဆိုရင် နှစ်ချက် လှုပ်ပြပါ…) ဆိုပြီး မေးရပါတယ်..။ ဒါဆို သရဲက မိန်းမဆိုရင် ခုံကို တစ်ချက်၊ ယောက်ျားဆိုရင် ခုံကို နှစ်ချက် လှုပ်ပြီး အလည်မှာ ခုံကို အလည်မှာ ပြန်ရပ်နေစေပါတယ်..။ ၀င်နေတာ ကလေးသရဲ ဆိုရင်တော့ ခုံကို လှုပ်ပြမှာ မဟုတ်ပဲ မေးတဲ့သူက ပြန်လည်ပြီး ကလေး ဆိုရင် ဘယ်နှစ်ချက်လှုပ်ပြပါ ဆိုပြီး မေးလို့ရပါတယ်..။ အရေအတွက် မေးခွန်းကိုတော့ ရိုးရိုးပဲ မေးလို့ရပါတယ်..။ ဥပမာ အသက် ဘယ်နှစ်နှစ်မှာ ဆုံးတာလဲ..၊ တစ်ချက်ကို တစ်နှစ်နှုန်းနဲ့ ဖြေပေးပါလို့ မေးရင် သူခုံလှုပ်ပြတဲ့ အချက်တွေကို မှတ်ထားလိုက်ရုံပါပဲ..။
ခုံလှုပ်ပြတယ်ဆိုတဲ့နေရာမှာ ကျွန်တော်ပြောခဲ့သလိုပဲ လက်တွေက ခုံနဲ့ ခြောက်လက်မ လောက် အကွာ လေထဲမှာ ထားထားတာပါ..။ ခုံရဲ့ မျက်နှာချင်းဆိုင် ခြေထောက်နှစ်ဖက်ကို ဖိနပ်တွေ ခုထားတဲ့ အတွက် ကျန်တဲ့ ခြေထောက်နှစ်ဖက်က လွတ်နေပါတယ်..။ အခု အမေးအဖြေလုပ်နေတဲ့ ခုံလှုပ်ပြတယ်ဆိုတာက အဲ့ဒီခုံက လွတ်နေတဲ့ ခြေထောက်နှစ်ချောင်းကနေ ဟိုဖက်ဒီဖက် လှုပ်ပြတာကိုဆိုလိုတာပါ..။ တစ်ဖက်ကို တစ်ချက်နှုန်းနဲ့ ရေတွက်ရပါတယ်..။ သူ့အဖြေပြီးရင်တော့ ခုံဟာ ထူးဆန်းစွာပဲ လေထဲမှာ ညီညာစွာ ရပ်တန့် နေပါတယ်..။
ကဲ… ကျွန်တော်တို့ သရဲခေါ်တဲ့ အကြောင်း ပြန်ဆက်လိုက်ရအောင်ဗျာ…။ ခုနက ပြောပြတဲ့ အတိုင်း ၀င်လာတဲ့ သရဲကို ကျွန်တော်တို့ မေးလိုက်တာ.. သူက ၁၀ တန်းကျောင်းသူ၊ အသက် (၁၅) နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဒီနေမှာပဲ ကားနဲ့ တိုက်မိပြီး မကျွတ်မလွတ်ဖြစ်နေကြောင်း၊ ကျွန်တော်တို့နဲ့ တစ်ရပ်ကွက် အကျော်၊ ရပ်ကွက် (၁၁) ထဲက ( ) လမ်းထဲက၊ အိမ်အမှတ် ( ) မှာ နေထိုင်ကြောင်း၊ ကျွန်တော်တို့နဲ့ အမေးအဖြေ လုပ်ရတာ ပျော်ကြောင်း သိရပါတယ်..။
ဒီလိုနဲ့ မေးပြီး ၁၅ မိနစ်လောက်ကြာတော့ ဦးလေးက ဂါထာ တစ်ခုကို ရွတ်ပါတယ်..။ ပြီးတော့ "ငါတို့နဲ့ လာဆော့ကစားတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ အခုသွားလိုရာ သွားနိုင်ပါပြီ..။ အမဲသားကို လမ်းဆုံရဲ့ ညာဖက်ထောင့်မှာ ထားခဲ့ပါမယ်…"ဆိုပြီး လက်ကို ပြန်ဟပေးလိုက်ပါတယ်..။ ခုံက အလည်မှာ ရပ်နေရာကနေ ချက်ချင်းပဲ သူ့နဂိုအနေအထားအတိုင်း ပြန်ရောက်သွားပါတယ်..။ သူရဲမလေး ထွက်သွားပါ ပြီ…။
ဦးလေးက အမဲသားကို လမ်းရဲ့ ညာဖက်ထောင့် မှာ ထားခဲ့ပြီး အိမ်ကို ပြန်လာတဲ့လမ်းမှာ သူ့အတွေ့ အကြုံတွေကို ပြောပြပါတယ်..။ ဒီလိုမေးတဲ့နေရာမှာ မေးချိန်ကို (၁၅) မိနစ်သာ အများဆုံး ထားပြီး မေးရကြောင်း၊ ပြန်မလွှတ်ပဲ အချိန်အကြာကြီး ဆွဲထားရင် စိတ်ဆိုးပြီး မိမိတို့ထဲက လိပ်ပြာငယ် တဲ့ လူတစ်ယောက်ယောက်ကို ၀င်ပူးကြောင်း၊ အရေးအကြီးဆုံးအချက်က စသလို နောက်သလိုနဲ့ ဒီည ငါတို့ ထဲက ဘယ်သူနဲ့ လိုက်မှာလဲ..၊ ဘယ်သူ့ကို ခင်လဲ စတာတွေကို မမေးရပါဘူး..၊ ဒီမေးခွန်းမျိုးဟာ နာနာဘာဝတွေကို အိမ်ထဲလိုက်နိုင်ဖို့ ခွင့်ပြုချက်ပေး သလို ဖြစ်တတ်ပါတယ်..။ သူတို့မုံရွာမှာ အဲ့ဒီလို သွားစမိလို့ သရဲဟာ ကောင်လေး တစ်ယောက်ရဲ့ ဘေးကနေ လုံးဝကို မခွဲတော့ပဲ..၊ ကောင်လေးခမျာ အိပ်လည်း သူ့ပုံမြင်ရ..၊ စားလည်း သူ့ပုံမြင်ရနဲ့ နောက်ဆုံး ရူးသွားခဲ့ပြီး သေဆုံးသွား ခဲ့တယ်လို့ ပြောပါတယ်..။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ လုံးဝ မမေ့နိုင်စရာကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်..။
ဒီလိုနဲ့ နောက်တစ်နေ့ နံနက် ကျွန်တော်တို့ သူငယ်ချင်း (၄) ယောက် နိုးတာနဲ့ ချက်ချင်း သွားကြည့်ခဲ့တာ ကျွန်တော်တို့ ထားခဲ့တဲ့ အမဲသား ရှိ/မရှိ ဆိုတာကိုပါ..။ မရှိတော့ပါဘူး..။ ဒါကတော့ သရဲပဲ စားသွားတာလား..၊ လမ်းဘေးကခွေးပဲ ဆွဲတာလားဆိုတာကိုတော့ စဉ်းစားစရာပါပဲ..။
နောက်တစ်ခုက မနေ့ညက သိခဲ့တဲ့ လိပ်စာအတိုင်း ရပ်ကွက် (၁၁)၊ ( ) လမ်းထဲကို သူငယ်ချင်း (၄) ယောက် သွားခဲ့ကြပါတယ်..။ အဲ့ဒီနံပါတ်နဲ့ အိမ်က အဆိုပါလမ်းထဲမှာ တစ်ကယ်ရှိပါတယ်..။ ကျွန်တော်တို့ ညက သိခဲ့တဲ့ အိမ်နံပါတ်ကို လှမ်းမြင်လိုက်ရတော့ ကြက်သီး မွေးညှင်းတွေ ဖျင်းကနဲ ထသွားခဲ့ရပါတယ်..။
နောက်တစ်နေ့မှာ အဲ့ဒီအိမ်ကသူတွေနဲ့သိတဲ့ အခြား သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အဲ့ဒီ အိမ်ရောက်သွားခဲ့ပါတယ်..။ တခြား အကြောင်းကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့တာပါ..။ အိမ်ထဲမှာ ကျောင်းဝတ်စုံနဲ့ ဆုယူနေတဲ့ ကောင်မလေးတစ်ယောက်ပုံကို ချိတ်ဆွဲ ထားပါတယ်..။ ကျွန်တော် တော်တော်လေးကို လန့်နေပါပြီ..။ နောက်ဆုံး သိချင်စိတ်ကို လုံးဝ မအောင့်အီး နိုင်တာနဲ့ပဲ ကျွန်တော် အရှက်မဲ့စွာ "အန်တီ..၊ ဒီဓါတ်ပုံထဲက ဘယ်သူလဲမသိဘူးနော်..၊ ကျွန်တော့် သူငယ်ချင်းနဲ့ အရမ်းဆင်လို့ပါ…" ဆိုပြီး မေးလိုက်ပါတယ်..။
"အဲ့ဒါ အန်တီ့ သမီးလေ..၊ သားသူငယ်ချင်းတော့ မဖြစ်နိုင်ပါဘူး..၊ လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က ကားတိုက်ပြီး ဆုံးသွားတာလေ…"
"ဗျာ…၊ ဟုတ်လား..၊ ဘယ်နေရာမှာ တိုက်တာလဲ အန်တီ…"
"ရပ်ကွက် (၁၀)၊ အ.ထ.က (၅) ဘေးနားက လမ်းဆုံမှာ…ကျောင်းသွားရင်း တိုက်မိတာ..."
သေချာပါတယ်...။ မနေ့က ကျွန်တော်တို့ မေးခဲ့တာ အဲ့ဒီလမ်းဆုံမှာပါပဲ..။ ကျွန်တော့်ပုံစံက အိနြေ္ဒမဆည်နိုင်ပဲ ဂယောင်ချောက်ချားတွေ ဖြစ်နေမှာ သေချာပါတယ်..။ ဒါဆို သူ့အသက်က အခုချိန်ဆို (၃၅) နှစ်လောက်တောင် ရှိနေမှာပေါ့….၊ ကျွန်တော် ဒီကိစ္စကို လုံးဝ မဖြစ်နိုင်ဘူးပဲ တွက် ထားတာပါ..။ ယုံလည်း မယုံချင်ပါဘူး..၊ မနေ့က ကျွန်တော်တို့နဲ့ အမေးအဖြေလုပ်ခဲ့တာ လှည့်ကွက်တစ်ခုလို့သာ ကျွန်တော် ထင်ထားတာပါ..။ ကျွန်တော် ခေါင်းနပန်းတွေ တော်တော်လေးကြီးသွားပါတယ်..။ ကျွန်တော် သူ့ဓါတ်ပုံကို ထပ် ကြည့်မိလိုက်တယ်..။ သူက ဓါတ်ပုံထဲကနေ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ပုံစံပါပဲ..။ ကျွန်တော် အလောတကြီး နှုတ်ဆက်ပြီး အိမ်ကို အပြေးတပိုင်း ပြန်ခဲ့ရပါတော့တယ်..။

ပထမဆုံး နဖူးတွေ့ ဒူးတွေ့

ပထမဆုံး နဖူးတွေ့ ဒူးတွေ့
------------------------------
ကျွန်တော် အသက် (၁၂) သားအရွယ်လောက်မှာပါ..၊ ၁၂ သားဆိုပေမယ့် ကျွန်တော် သူများလို သရဲ မကြောက်တတ်ပါဘူး..၊ ကလေးတွေထဲမှာတောင် သတ္တိရှိတယ်ဆိုပြီး ချီးကျူးခံရပါတယ်..၊ တစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လသာသာနဲ့ ကစားနေကြပါတယ်…၊ ဘာကစားနေလဲ ဆိုတာကိုတော့ ကျွန်တော်မမှတ်မိတော့ပါ…၊ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က ဆော့နေရင်းကနေ…"မီးလုံးကြီး..၊ မီးလုံးကြီး" လို့ အော်လိုက်တယ်…၊ ကျွန်တော်တို့အားလုံး ကြောင်သွားကြတယ်..၊ ပြီးတော့ သူခွက်ထိုးခွက်လန် ရီပါတော့တယ်…၊ ၁ မိနစ်လောက်လည်း ရီပြီးရော… အားရပါးရ ငိုချပါတော့တယ်..၊ ငိုတယ်ဆိုတာတောင် အသံကိုကြားရရုံလောက် ငိုတာ မဟုတ်ပါဘူး..၊ အာခေါင်နီအောင်…အသားကုန် ငိုဖြဲတယ်လို့ ဆိုရမလောက် အောင် အော်ငိုတာပါ… အော်ငိုသံက အရမ်းကျယ်တော့ လူကြီးတွေ မိဘတွေ ထွက်လာကြည့်ကြတာပေါ့ ဘာမှ လည်း မေးလို့မရဘူး…၊ အော်ပဲငိုနေတော့တာ…၊ အဲဒါနဲ့ လူကြီးတွေက သရဲဝင်ပူးပြီ ဆိုပြီး ဘုန်းကြီးပင့် တဲ့သူကပင့်.. ရေမန်းတိုက်ဖို့ လုပ်တဲ့လူကလုပ်နဲ့ အလုပ်ရှုပ်နေကြတယ်..၊ ခဏကြာတော့ ဘုန်းကြီးတစ်ပါး ပင့်လာတယ်..၊ ဘုန်းကြီးကိုလည်း မြင်ရော… ငိုနေတာ ချက်ချင်းရပ်သွားတယ်..၊ မျက်ထောင့်ကြီးတွေနီ…၊ အံတွေကြိတ်ပြီး… ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတယ်…၊ ဘာတွေ ရွတ်နေလည်းတော့ မသိဘူး..၊ အံတွေကြိတ်ထားတာများ သွားတောင်ပဲ့တယ်ဗျာ…၊ ဘုန်းကြီးက မေးတယ်…၊ ဘယ်သူလဲ…၊ ဘယ်ကလဲ..၊ ဘာဖြစ်ချင်လို့ဒီလိုလုပ်ရတာလဲ…၊ အခုလိုလုပ်နေတာ ခံရတဲ့ ကလေးက ဘယ်လောက်သနားဖို့ကောင်းလဲ ..ဘာညာနဲ့ ချော့ပြောတာပေါ့… ဘုန်းကြီးက ဒီလိုမေးတော့ ချက်ချင်းကြီး မဖြေသေးဘူး..၊ ခဏကြာမှ… စကားသံ စထွက်လာတယ်… ထွက်လာအသံက မိန်းကလေးအသံ… ကလေးပဲရှိအုံးမယ်ထင်တယ်…၊ ကျွန်တော့်မှာ ယောက်ျားလေး ကနေ မိန်းကလေး အသံလေးနဲ့ စကားပြောတာမြင်တော့ ကြက်သီးဖြန်းခနဲ ထသွားတာပဲ…၊ သူ့နာမည်က သင်းသင်းအေး ဖြစ်ကြောင်း၊ ဒီရပ်ကွက်မှာပဲ နေကြောင်း၊ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ဆုံးသွားတာဖြစ်ကြောင်း..၊ သူလည်း ကျွန်တော်တို့အတူ ဆော့ချင်နေတာကို ကျွန်တော်တို့က သူ့ကို ဂရုမစိုက်..၊ မခေါ်ကြောင်း..ဒါကြောင့် စိတ်တိုပြီး အခုလိုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြပါတော့တယ်..။
ကျွန်တော်သူပြောနေတာကို ကြည့်နေရင်း သိရတာက သူ့ပြောပုံဆိုပုံ သူ့လေသံဟာ ကျွန်တော်တို့ သူငယ်ချင်း သင်းသင်းအေးနဲ့ တစ်ထပ်ထဲ တူနေတယ်ဆိုတာပါပဲ..၊ သူက သဘောကောင်းတဲ့ သူငယ်ချင်းမလေးပါ..၊ လွန်ခဲ့တဲ့နှစ်နှစ်က ၀မ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံးသွားခဲ့တာပါ…။ သူက မကျွတ်မလွတ်ပဲ ကျွန်တော်တို့ ဆော့နေတာကိုမြင်တော့ သူလည်း ဆော့ချင်နေတာနေပါလိမ့်မယ်..၊ ကျွန်တော်တို့ကလည်း သူ့ကိုမမြင်ရတော့ နောက်ဆုံး စိတ်တိုပြီး ၀င်ပူးလိုက်တာဖြစ်ပါလိမ့်မယ်..၊
နောက်ဆုံး ဘုန်းကြီးလည်း ချော့မော့ပြီး ထွက်ခိုင်းတော့ သူထွက်သွားပါတယ်..၊ အပူးခံရတဲ့ကောင်လေးက မျက်လုံးကြီးပြူးပြီး ကြောင်နေပါသေးတယ်..၊ ခဏကြာမှ ရေဆာတယ်..ရေဆာတယ်.. ဆိုပြီးပြောလို့ ရေသောက်လိုက်မှ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်..။
လူကြီးတွေလည်း သင်းသင်းအေးရဲ့ မိဘတွေကို အကြောင်းကြား..၊ နောက်နေ့ကို အလှူလုပ်၊ အမျှဝေပေးလိုက်တာ အမျှရသွားတယ်ထင်ပါရဲ့… ခုထိတော့ သူနဲ့ ပတ်သက်တာ ဘာမှ မတွေ့ရတော့ပါဘူး..။

စစ်တပ်ထဲမှ ဗိုလ်ကြီးသရဲ

စစ်တပ်ထဲမှ ဗိုလ်ကြီးသရဲ

ကျွန်တော် အသက် (၁၄) နှစ် အရွယ်လောက်မှာ အဖေတာဝန်ကျတဲ့ စစ်တပ်ဖြစ်တဲ့ (-) စစ်တပ်ထဲကို တစ်မိသားစုလုံး လိုက်နေကြရပါတယ်..၊ (-) စစ်တပ်ဟာ သင်္ကျိုင်းကုန်းကို ဖျက်ပြီး စစ်တပ်တည်ထားတယ်လို့ သိရပါတယ်..။ သင်္ချိုင်း ရွှေ့တုန်းက ဆိုရင် ကားတစ်စီးငှား.. ဒီသင်္ချိုင်းမှာ နေထိုင်ကြတဲ့ နာနာဘာဝများ သချိင်္ုင်းပြောင်းရွှေ့မှာဖြစ်တာကြောင့် ဒီကားပေါ်တက်ပေးပါလို့ဆိုတာနဲ့ ကားဟာ အလိုလို အိကျသွားပြီး...၊ ကားပေါ်ကိုတောင် အလုအယက်တက်ကြတယ်လို့ ဆိုကြပါတယ်…. တစ်ခေါက်တည်းနဲ့ မလောက်လို့ နှစ်ခေါက် သုံးခေါက်ပြန်ကြိုရတယ်လို့လည်း ပြောကြပါတယ်..။
ကျွန်တော့်အဖေက ညဆို တာဝန်ကြပ်ကြီး ကျတတ်ပါတယ်..၊ တာဝန်ကြပ်ကြီးကျတဲ့ ညတွေဆို အဖေက ကျွန်တော့်ကို ခေါ်သွားလေ့ရှိပါတယ်…။ တစ်ညမှာပေါ့.. အဖေက ထုံးစံအတိုင်း တာဝန်ကြပ်ကြီးကျလို့ ညသွားအိပ်ရမယ်လို့ပြောတယ်. ဒါပေမယ့် အလုပ်ကိစ္စရှိလို့ စောစောသွားနှင့်မယ်… သားနောက်မှလိုက်လာပေါ့လို့ မှာသွားတယ်..၊ ဒါနဲ့ ကျွန်တော်လည်း ည ရှစ်နာရီခွဲလောက်မှ အေးအေး ဆေးဆေး ထွက်ခဲ့တယ်..။
ကျွန်တော် အပြင်ထွက်ပြီး ၅ မိနစ်လောက် လမ်းလျှောက်တော့ မီးပျက်သွားတယ်..၊ ကျွန်တော် နည်းနည်းတော့ကြောက်သွားတယ်..၊ ဒါပေမယ့် စိတ်တင်းပြီး…၊ နာမည်ကြီးတဲ့ ဓမ္မာရုံနားက သစ်ပင်ကြီးကို ကျော်ရင် အောင်မြင်ပြီလို့ စိတ်တင်းပြီး ဆက်လျှောက်ခဲ့တယ်..၊ ပြောရအုံးမယ်. ဓမ္မာရုံနားက သစ်ပင်ကြီးက နာမည်ကြီးဆို အဲဒီနားမှာ စစ်သားဗိုလ်ကြီးတစ်ယောက် ကိုယ့်ကိုယ်ကို သေနတ်နဲ့ သေကြောင်းကြံပြီး သေဖူးတယ်..၊ အဲဒီဗိုလ်ကြီးက မကျွတ်မလွတ်ဖြစ်နေတယ်လို့ တပ်ထဲစရောက်ကတည်းက ကြားဖူးတယ်..၊ တပ်ထဲက လူတိုင်းလည်း သိတယ်..၊ ဒါကြောင့် နာမည်ကြီးတယ် ပြောတာပါ..
အဲဒီသစ်ပင်ကြီးနားရောက်တော့ ကြောက်ကြောက်နဲ့ ဆက်လျှောက်လာခဲ့တယ်..၊ ဒါပေမယ့် ဘာမှ မထူးခြားပါဘူး..နည်းနည်းကျော်လာမှ… နောက်က လိုက်လာတဲ့ ခြေသံ တစ်စုံ အသံကို ကြားလိုက်ရတယ်..၊ အစက လှည့်မကြည့်ပဲ ပြေးဖို့စဉ်းစားသေးတယ်..ဒါပေမယ့် ခြေသံ ဟုတ်ချင်မှ ဟုတ်မှာပါလေလို့တွေးပြီး လှည့်ကြည့်လိုက်တော့… လူတစ်ယောက်ကို တွေ့ရတယ်..၊ သဘောကောင်းမယ့်ပုံပဲဗျ…၊ ရုပ်ရည်က သန့်သန့်လေး…၊ ကျွန်တော့်ကို တွေ့တော့ ပြောတယ်.. သားတစ်ယောက်တည်း ညကြီး ဘာလုပ်နေတာလဲ.. မကြောက်ဘူးလား ဘာညာပေါ့… ကျွန်တော်ကလည်း အဖေတာဝန်ကြပ်ကြီးကျလို့ လိုက်လာကြောင်း. .ပြန်ပြောပြတာပေါ့…၊ စကားပြောရင်း ကျွန်တော်တို့ လမ်းလျှောက်ကြတယ်..၊ ကျွန်တော်က ကျွန်တော် စစ်သားဖြစ်ချင်တဲ့ အကြောင်း..ကြီးလာရင် စစ်ဗိုလ်လုပ်မှာ ဖြစ်တဲ့အကြောင်း ပြောပြတယ်..၊ ကျွန်တော့်ကို သားက စစ်သားဖြစ်ချင်တယ်ဆိုတော့ စစ်သားရဲ့ သစ္စာအဓိဌာန်ရရဲ့လားလို့မေးတယ်..၊ ကျွန်တော်က သစ္စာစောင့်သိမှု၊ အမိန့်နာခံတတ်မှု၊ စိတ်ဓါတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိပြည့်ဝမှု အစချီပြီး သစ္စာ အဓိဌာန် (၁၀)ချက်ဆိုပြလိုက်တယ်..၊
ကျွန်တော်လည်း ဒီလိုဆိုပြပြီးရော အဲဒီလူကြီး ချက်ချင်းထိုင်ချလိုက်တယ်..ပြီးတော့ ကျွန်တော့် ပုခုံးကို ကိုင်ပြီး… သူ့မှာလည်း ကျွန်တော့်အရွယ် သားလေးတစ်ယောက်ရှိကြောင်း၊ သူ့သားကိုလည်း စစ်ဗိုလ် ဖြစ်စေချင်ကြောင်း ပြောရင်း မျက်ရည်တွေ စီးကျလာပါတယ်..၊ ကျွန်တော်က ဦးလေးနာမည် ဘယ်လိုခေါ်လဲ မေးလိုက်တော့ မျိုးမင်းကိုကို လို့ပြန်ဖြေပါတယ်..ပြီးတော့ ကျွန်တော့်ကို သွားတော့ သားရေ..၊ မိုးချုပ်နေပြီ..၊ သားအဖေ မျှော်နေတော့မယ်..၊ နောက်ဆို ညနက်ကြီး အပြင်သိပ်မထွက်နဲ့နော်… ဦးက ဒီထိပဲ လိုက်ပို့လို့ရ တော့ ဒီထိပဲ လိုက်ပို့တော့မယ်ဆိုပြီး ပြောပါတယ်..၊
ကျွန်တော် ရောက်ရောက်ချင်းပဲ အဖေ့ကို ဒီအကြောင်းပြောပြလိုက်တယ်..။ အဖေက အဲဒီဦးလေးနာမည် ဘယ်လိုခေါ်လဲမေးတော့ မျိုးမင်းကိုကို လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်..၊ အဖေ့မျက်နှာ ချက်ချင်း ပျက်သွားတာ ကျွန်တော် သတိထားမိလိုက်တယ်…၊ ပြီးတော့ တုန်တုန်ရင်ရင်နဲ့ သားအခု ဘုရားရှိခိုးစမ်းဆိုပြီး ကျွန်တော့်ကို ဘုရားရှိခိုးခိုင်းတယ်…၊ ကျွန်တော်လည်း ကြောင်တောင်တောင် ဘုရား ရှိခိုး လိုက်တယ်..ပြီးတော့ အဖေနဲ့ အတူ အိပ်ယာဝင်ခဲ့တယ်..။
နောက်နေ့မနက်မှ သိရတာက ကျွန်တော်ညက တွေ့ခဲ့တဲ့ ဦးလေးကြီးဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ဗိုလ်ကြီးဖြစ်ကြောင်း သိရပါတယ်.. ကျွန်တော် မယုံလို့ ရုံးခန်းထဲမှာ သူ့ဓါတ်ပုံကို သွားကြည့်လိုက်ပါသေးတယ်…၊ လုံးဝ မလွဲပါဘူး..၊ ရုံးခန်းထဲမှာ ချိတ်ထားတဲ့ ဓါတ်ပုံဟာ ကျွန်တော်တွေ့ခဲ့တဲ့ ဦးလေးကြီးဆိုတာကိုပေါ့…။
ကျွန်တော် ဒီတစ်ကြိမ်တော့ လိပ်ပြာလွင့်ပြီး တစ်ပတ်လောက် အပြင်းဖျားခဲ့ရပါတယ်…။
 Credit By သရဲစာအုပ်များ
https://www.facebook.com/permalink.php?story_fbid=255538027957507&id=253764448134865&stream_ref=10

ရင်ခွဲရုံထဲမှ ကလေးမလေး



ကျွန်တော် (၁၀) တန်းရောက်တော့ အဖေ ဆေးပင်စင်နဲ့ တပ်ထဲကထွက်လိုက်ပါပြီ၊ တစ်မိသားစုလုံး ရပ်ကွက်ထဲမှာ အိမ်တစ်လုံးဝယ်ပြီး နေကြပါတယ်..၊ ကျွန်တော် (၁၀) တန်းဆရာတစ်ယောက်ရဲ့ အိမ်မှာ Night Study လုပ်ပါတယ်..၊ ညဆို ၇ နာရီလောက်အိမ်ကသွားရပါတယ်..၊ ကျွန်တော့်အိမ်ကနေ ဆရာ့အိမ်ကို သွားဖို့ဆိုရင် ကုတင် (၁၀၀) စစ်ဆေးရုံထဲကနေ ဖြတ်ရပါတယ်..၊ မိနစ်နှစ်ဆယ်လောက်တော့ လမ်းလျှောက် ရပါတယ်..၊
အဲဒီစစ်ဆေးရုံမှာ ရင်ခွဲရုံရှိပါတယ်…၊ စစ်တပ်ဆေးရုံဆိုတော့ သိတဲ့အတိုင်းပဲ…၊ လေ၀င်ပေါက်မှာ ရှိတဲ့ မှန်တွေက ကွဲနေပြီး အထဲကို အတိုင်းသားမြင်ရပါတယ်..၊ ရင်ခွဲရုံတံခါးကိုတော့ အမြဲတမ်းသော့ခတ်ထားပြီး… အရှေ့မှာ ဆင်ဝင်ပုံစံ ၀ရံတာလေးရှိပါတယ်..၊ အဲဒီဝရံတာလေးမှာ မီးလုံးတစ်လုံးချိတ်ဆွဲထားပါတယ်..
တစ်ည ကျွန်တော် ထမင်းစားရင်းနဲ့ Night Study သွားမယ့်အချိန် တော်တော် နောက်ကျသွားတယ်..၊ အိမ်က စထွက်တော့ကို 7:45 လောက်ရှိနေပြီ..၊ ကျွန်တော်လည်း နောက်ကျနေတာကြောင့် ခပ်မြန်မြန် လမ်းလျှောက်ခဲ့တယ်..၊ ကျွန်တော် လျှောက်နေတဲ့လမ်းက မှောင်ပါတယ်.. ဘာမီးမှမရှိပါဘူး.. ရင်ခွဲရုံနားကို ရောက်တော့ ၀ရံတာမှာ ချိတ်ထားတဲ့ မီးအလင်းရောင်နဲ့ ရင်ခွဲရုံပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်… ကျွန်တော်လည်းအမှုမဲ့ အမှတ်မဲ့ ရင်ခွဲရုံဘက်ကို တစ်ချက်လှမ်း ကြည့်လိုက်တယ်..၊ ကျွန်တော်မြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျွန်တော်အခုထိ ညအိပ်တော့မယ်ဆို မြင်ယောင်နေတုန်းပါ… ကျွန်တော် အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလည်းဆိုတာကိုတော့ စာနဲ့ မရေးပြတတ်တော့ပါဘူး… တစ်ခုသိတာကတော့ ကျွန်တော် ကြက်သီးဖြန်းခနဲထပြီး ခေါင်းကြီးသွားတယ်ဆိုတာကတော့ သိပါတယ်… မြင်လိုက်ရတဲ့ မြင်ကွင်းက.. လေကာမှန်ကွဲနေတဲ့နေရာက ကလေးမလေးတစ်ယောက် ခေါင်းထုတ်ပြီး ကျွန်တော့်ကို လျှာထုတ် ပြောင်ပြနေပါတယ်.. အသက်က အလွန်ဆုံးရှိလှ (၆) နှစ်ပေါ့..၊ လေကာပြတင်းပေါက်က လူကြီးတစ်ယောက် မတ်တပ်ရပ်နေမှ ခေါင်းမြင်ရရုံလောက်မြင့်တာပါ…။ သူ့အသက်နဲ့ ဒီလေကာပြတင်းကို မီဖို့ဆိုရင် ရင်ခွဲရုံထဲခုံတစ်ခုခုပေါ်ကို တက်ပြီး မြင်ရမှာပေါ့..။
ကျွန်တော် ယောင်ယမ်းပြီး မျက်လုံးမှိတ်လိုက်တယ်.. ပြီးတော့ ပြန်ဖွင့်ကြည့်တယ်… ကလေးမလေးက ရှိနေတုန်းပါ… ကလေးမလေးက ချစ်စရာလေးပါ.. ဆံပင်နှစ်ဖက်ကိုချီထားတယ်..၊ ပါးနှစ်ဖက်မှာ ပါးနီတွေ ဆိုးထားသလို နီနီရဲရဲလေးဖြစ်နေတယ်.. ပထမကတော့ ကျွန်တော်ကြောင်ကြည့်နေမိတယ်..ဒါပေမယ့်…. ဒီလိုအချိန်… ဒီလိုလူသေတွေထားတဲ့ ရင်ခွဲရုံထဲမှာ ရိုးရိုးလူ ရှိမနေနိုင်ဘူးလို့ တွေးမိတာနဲ့ ကျွန်တော်ဆရာ့အိမ်ရောက်တဲ့ အထိ တောက်လျှောက်ပြေးခဲ့ပါတော့တယ်…၊
ဒီတစ်ကြိမ်လည်း ကယောင်ကတမ်းဖြစ်ပြီး တစ်ပတ်လောက် ဖျားလိုက်ရပါသေးတယ်…။
ကျွန်တော် ပြန်တွေးကြည့်မိတာက ဒီကောင်မလေးက ကျွန်တော်နဲ့လည်းမသိပဲ ဘာလို့ ကျွန်တော့်ကို လာပြီး စနောက်ချင်တာလဲဆိုတာကိုပါ..၊ တစ်ခုရှိနိုင်တာက ကောင်မလေးက မနေ့ တနေ့က ဆေးရုံမှာ ဆုံးသွားမယ်..၊ ရင်ခွဲရုံထဲမှာ ထည့်ထားမယ်..၊ သူ့ဝိဥာဉ်ကလည်း အဲဒီမှာပဲ ရှိနေမယ်..၊ အဲဒီချိန်မှာ ကျွန်တော့်ကို မြင်တော့ ကလေးတို့ သဘာဝ စချင်နောက်ချင်လို့ အပျော်သဘောသက်သက် လျှာထုတ် ပြောင်ပြတာ ဖြစ်ပါလိမ့်မယ်..၊ ကျွန်တော် ဖျားပြီး ပြန်သက်သာတော့ အဲဒီလမ်းကို တစ်ယောက်တည်း မသွားရဲ လို့ အဖော်ခေါ်ပြီး သွားရပါတယ်..၊ ဒါပေမယ့် အဲဒီကောင်မလေးရဲ့ အရိပ်အယောင်တော့ လုံးဝမတွေ့ရတော့ပါ ဘူး…၊ ကျွန်တော်ကတော့ ဒီချစ်စရာကောင်းတဲ့ကလေးမလေး အဲဒီဘ၀ကနေ လွတ်ကျွတ်သွားတာဖြစ်ပါစေလို့ အခုထိ ဆုတောင်းဆဲပါ….

အိမ်နောက်ဖေးက အူဝဲ သရဲ


ကျွန်တော်တို့ အိမ်နောက်မှာ အိမ်ခန်းလေးတွေ ဆောက်ပြီး လိုင်းခန်းလေးတွေ ဖွင့်ထားပါတယ်..၊ စုစုပေါင်း (၁၁) ခန်းရှိပါတယ်…၊အဲဒီမှာ အစွန်ဆုံးအခန်းမှာ လာငှားနေတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်..၊ စလာတုန်းကတော့ အဆင်မပြေပါဘူး..၊ ဒါပေမယ့် ကျွန်တော်တို့ လိုင်းခန်းငှားမှာ နေပြီးတော့ အလုပ်လုပ်ပြီးနောက်ပိုင်း တော်တော်အဆင်ပြေလာတယ်လို့ တော့ထင်ပါတယ်..၊ သဘောကောင်းတဲ့ လင်မယားပါ..၊ ၆ လလောက်လည်း ကြာရော.. သူတို့ရဲ့ ပထမဆုံး သမီးလေးကို မွေးပါတယ်..၊ ကလေးက ဖြူဖြူလုံးလုံး ချစ်စရာလေးပါ..၊ ကလေးက ကံမကောင်းခဲ့ရှာပါဘူး…၊ ၆ လသားအရွယ်လောက်မှာ.. အပြင်းဖျား ပြီး ဆုံးသွားပါတယ်..၊ အဖေ ရော အမေရော… အလုပ်သွားနေတဲ့အချိန်မှာ ဆုံးသွားတာပါ..၊ ဘယ်အချိန်ဆုံးသွားလဲတောင် မသိပါဘူး..၊ ပြန်လာတော့ ကလေးက တောင့်တောင် နေပါပြီ..၊ ဒီကလေး ဆုံးသွားတယ်ကြားတော့ ကျွန်တော်ယုံတောင်မယုံချင်ပါဘူး..၊ ကလေးက မသေသင့်ပဲ သေရတာဖြစ်ပြီး မိဘတွေရဲ့ ပေါ့ဆမှုလည်း ပါပါတယ်..၊ ကလေး နေမကောင်းဖြစ်နေမှန်း သိရက်နဲ့ ဆေးရုံ/ဆေးခန်းမပြပဲ အလုပ်လုပ်ဖို့လောက် စဉ်းစားနေကြတာကိုး…. ထားပါတော့လေ…အခု ကျွန်တော်ပြောမယ့် အကြောင်းအရာက ကလေးဆုံးပြီး တစ်ပတ်တိတိအကြာမှာ..သူတို့ရဲ့ အစွန်ဆုံး အခန်းလေးမှာ စဖြစ်တာပါပဲ..
မိဘတွေက ဆုံးတာကလည်း ကလေးဆိုပြီး ဘာမှ ထွေထွေထူးထူး မလုပ်ကြဘူး..၊ ဒီတိုင်းပဲ သချိင်္ုင်းမှာ သွားမြှပ်လိုက်တယ်..၊ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့တယ်..၊ ဒါပဲ လုပ်ပေးတယ်…၊ ဆုံးပြီး ၇ ရက်နေ့ တိတိမှာ ဘာစဖြစ်ကြသလဲဆိုတော့..…… လင်မယားနှစ် ယောက် နှစ်ခြိုက်စွာ အိပ်မောကျနေကြတယ်..၊ အမေလုပ်သူက ရုတ်တရက် မျက်လုံးပွင့်လာတယ်..၊ ပွင့်လာတာနဲ့ နာရီကို တန်းမြင်နေရတယ်..၊ အချိန်က ည ၁၂း၀၀ နာရီတိတိ…၊ နာရီကိုကြည့်ပြီး သူရဲ့ ညာဘက်ကို လှည့်ကြည့်လိုက်တော့….လားလား….သူ့ညာဘက် လက်မောင်းပေါ်မှာ ကလေးလေးတစ်ရောက် ရောက်နေတယ်…၊ အဲဒီကလေးက မျက်လုံးကြီးပြူးပြီး သူ့ကိုစိုက်ကြည့်နေတယ်..၊ အဲဒါသူ့သမီး ဆိုတာကို ရုတ်တရက် သူ မမှတ်မိဘူး..၊ ဘယ်မှတ်မိမလဲ.. ကလေးက ပါးမှာ အကောင်တွေတောင် တက်နေပြီလေ..၊ ဆံပင်တွေတောင် လုံးဝမရှိတော့ပဲ ခေါင်းတစ်ခေါင်း လုံး ညိုမဲပြီး ပါးစပ်ထဲမှာလည်း မြေကြီးတွေအပြည့်နဲ့ဖြစ်နေတာကိုး…။ သူလည်း လန့်ပြီး သူ့ယောက်ျားကို နှိုး လိုက်တော့ သူ့ယောက်ျားလည်း နိုးလာတယ်..၊ ဒါပေမယ့် ဘာမှ မတွေ့ရတော့ဘူး…။
သူတို့ပြန်ပြောပြချက်အရ ကျွန်တော်သိရတာက ဒီလိုမျိုး ဖြစ်တာ နေ့စဉ် မဟုတ်တောင် တစ်ပတ်မှာ နှစ်ခါတော့ အနည်းဆုံးဖြစ်ကြောင်း ပြောပြပါတယ်..၊ သူတို့လည်း ဘုန်းကြီးပင့်ပြီး ကုသိုလ်လုပ် အမျှဝေပါတယ်..၊ ဒါပေမယ့် အမျှမရဘူးထင်ပါရဲ့..၊ အဲဒီကလေးက ရှိနေတုန်းပါ..၊ သိပ်မကြာပါဘူး..၊ သူတို့လင်မယား ပြောင်းသွားပါတယ်…၊ နောက်ရောက်လာတဲ့ မိသားစုလည်း အလားတူ အဖြစ်မျိုးကို ကြုံတွေ့ ရတယ်လို့ပြောပြပါတယ်…၊ ဒါပေမယ့် လူတိုင်းကြုံတွေ့ရတာတော့ မဟုတ်ပါဘူး..၊ မိသားစုထဲက အမျိုးသမီးတစ်ဦးသာ ကြုံတွေ့ရတာပါ…၊ ကလေးက သူ့အမေမှတ်လို့ နေပါလိမ့်မယ်…၊ညညဆို (၁၂း၀၀) တိတိမှာ မျက်လုံးဖွင့်လာတယ်..၊ ဒါဆိုသေချာပြီ… ကိုယ့်ညာဘက်လက်မောင်းပေါ်မှာ အဲဒီကလေးလေး ရောက်နေပြီး ကိုယ့်ကို စိုက်ကြည့်နေပြီ..၊ ဒါတွေက ဖော်မြူလာ..ပုံနေနည်းတွေလိုတောင် ပုံသေဖြစ်နေပါပြီ…၊ အဲဒီမိသားစုလည်း နှစ်ပတ်လောက်နေပြီး တစ်ခြား တစ်ခန်းကိုရွှေ့ပေးဖို့ တောင်းဆိုလာတာနဲ့ ရွှေ့ပေးလိုက်ရပါတယ်...အဲဒီကလေးလေးရဲ့ အခန်းကိုတော့ ယခုအချိန်ထိ အငှားမတင်တော့ပဲ ပိတ်ထားရဆဲပါ..။

တရားထိုင်မယ့်လူတွေ သတိတော့ထား

ကျွန်တော့်ကို အွန်လိုင်းပေါ်မှာ ပြောပြတဲ့ ကောင်မလေးတစ်ယောက်ရဲ့ သရဲအတွေ့အကြုံ

သမီးတော့သင်္ကြန်တုန်းက တရားသွားထိုင်တာ ခံလိုက်ရတယ် မေမေရောပဲ အကုန်အခြောက်ခံလိုက်ရတာ
အဲ့တရားကျောင်းမှာက သမီးအဒေါ်နဲ့ အဖိုးက ခြောက်လလောက်ခြားပြီးဆုံးသွားတာ
အဒေါ်က မသေခင်မှာလည်း အဖိုးကျန်ခဲ့တော့ တော်တော်လေး စိတ်ဆွဲသွားတယ်
သမီးတို့လည်းမသွားဖြစ်တာကြာပြီ ဟိုတစ်လောကသင်္ကြန်တရားစခန်းဝင်မှ ကြုံတာ
ည၁၂ နာရီထိုးကာနီမှာ အိမ်ပြင်မှာရေဆေးသံကြားလို့ သမီးက ရေလွှတ်လိုက်ပြီထင်တယ်နော် မေမေလို့တောင်ပြောလိုက်သေးတယ် အဲ့မှာ ခြေထောက်ရေဆေးသံလိုအသံကြီးအရင်စကြားရတယ် ပြီးတော့ ခဏနေတော့ အိမ်ထဲကို လူဝင်လာသလို အသံမျိုးလမ်းလျှောက်တဲ့ဖိနပ်အသံတွေကို အတိုင်းသားကြားနေရတာ သမီးတို့လည်းအစက မယုံဘူး သရဲလည်းသိပ်အယုံအကြည်မရှိတော့
ခဏတော့ သမီးတို့နားကိုလျှောက်လာတယ်ထင်တယ် မေမေရောသမီးပါ ကြက်သီးတွေထလာတယ်
လူကတစ်ခုခုကိုကြိုတွေ့ရတော့မလို အရမ်းကြော်လာတယ် ဖိနပ်သံတွေက နိးနိးလာလေလူက ကြက်သီးတွေပိုထလာလေပဲ
အဲ့အထိစိတ်ထဲကထင့်တော့နေတာ ဒါပေမဲ့ဟုတ်ချင်မျဟုတ်မှာပါဆိုပြိး စိတ်ထိန်းထားလိုက်တာ မနက်မိုးလင်းတော့ မေမေနဲ့သမီးကပြောဖြစ်တယ် ကြီးကြီးများလားမသိဘူးဆိုတော့
မေမေကပြောတယ် ကြီးကြီးဆို ဒီအိမ်မှာဘယ်လိုလုပ်နေမှာလဲဆိုတော့ အိမ်ဘေးမှာ မယ်သီလရှင်ကြီးရှိတော့ သူ့ပြောနေမှာပေါ့လို့ သမီးကလည်းပြောလိုက်တယ် ဘာလို့အဲ့လိုပြောမိမှန်းလဲသမီးလဲမသိဘူး စိတ်ထဲက အလိုလိုထွက်သွားတာ
ပြီးတော့ အဲ့ဒါဆိုလည်းတဲ့ မေမေကသိသိသာသာလာပြောပြလို့ပြောလိုက်တော့ ပြောပြီးငါးမိနစ်လောက်ပဲရှိတယ် ဟိုဘက်က မယ်သီလရှင်ကြီးက သမီးတို့အိမ်ဘက်ကိုလာပြိး ညကအိပ်တုန်းက ဘာထူးခြားလဲ လာမေးတယ်
ဒါပေမဲ့ သေချာအောင်ဆိုပြီးပြောလိုက်တယ်
သမီးနဲ့အမေကလည်းသိပ်တော့မပြောချင်ဘူး ဘာလို့ဆိုတော့တရားကျောင်းမှာ အခုလိုမကျွတ်ဘူးဆိုတော့လည်းနာမည်ပျက်တယ်ပေါ့ ညကအသံတွေကြားတယ်ဆိုတော့
ဟုတ်တယ်တ့ သမီးတို့မလာခင် အသိတစ်ယောက်က ဒီအိမ်မှာခဏတရားကြိုးစားပါရစေဆိုပြီးခွင့်တောင်းလို့ ပေးထိုင်ဖူးတော့ သူလည်းအခြောက်ခံရတယ်တဲ့
ဘယ်လိုအခြေက်ခံရလဲဆိုတော့ သမီးတို့ကြားတွဲှ့တိုင်းည၁၂ နာရီလောက်ဆို ခြေဆေးသံတွေ သူကသနပ်ခါးအရမ်းလူးတော့ သနပ်ခါးအနံတွေကုန်ရတယ်
နောက်ပိုင်းအဲ့မိန်းမကို အနားထိလာပြိး ဒိအိမ်ကသူ့အိမ်တဲ့အခုဒါကသူ့အိပ်ရာလာမအိပ်ပါနဲ့ပြောပြီး လူကိုယ်တိုင်လာခြောက်လို့ အဲ့မိန်းမကြိးက ထွက်ပြောင်းသွားရတယ်တဲ့
နောက်ပြီးတိုက်ဆိုင်တာက ဆရာလေးကိုလည်းအဲ့သူဆုံးပြီး တစ်ပတ်လောက်နေတော့ တရားထိုင်နေရင်းအိမ်ရှေ့ကနေလာပြောတယ်တဲ့ သူ့မှာလည်းအထုတ်တစ်ထုပ်ပါလာတယ်တဲ့သူနေစရာမရှိလို့ ဒီမှာနေပါရစေပြောလို့ ဆရာလေးနေခိုင်းလိုက်တယ်တဲ့ အရမ်းတိုက်ဆိုင်တာတွေများလာရော
အဲ့ညလည်းကျရောပိုခြောက်ပါလေရော ညကိုးနာရီလောက်ထဲက အခန်ုးတံခါးတွေကို တဒုန်းဒုန်းထုတာ
အသံကအ၇မ်းကျယ်တယ် သူလာရင် အလိုလိုကိုသိနေတာ
နောက်ပိုင်းလည်း သမီးတို့နေတဲ့ ဆယ်ရက်လုံးခြောက်တာ နောက်ဆုံးရက်ပဲ သမီးတို့ ဘုန်းကြီးပရိတ်ရေတွေနဲ့ ပန်းခြောက်တွေကပ်လိုက်ပြိးအဲ့ည မီးဖွင့်အိပ်လိုက်တော့ အသံတွေမကြားရတော့ဘူး ခြောက်ခံရတာတော့တကယ် ဆရာ စိတ်ထင်တာမဟုတ်ဘူး အဲ့အဖြစ်အပျက်တွေက မေမေရောသမီးပါ အကုန်သိနေတာ နောက်ပိုင်းဆို ဘယ်လောက်ဆိုးလာလဲဆို ညကိုးနာရီလောက်ဆို လာပြိ
ဟုတ်ဆရာ အဓိကခြောက်ခံရတာတော့ ခြေသံတွေနဲ့ တရားလာဖွင့်တဲ့အသံတွေချည်းပဲ


ကျွန်ပ်နှင့် သရဲခြောက်သော ၀ါးရုံတော

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက
တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော
လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား
အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော
သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ်
အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတ၀ါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက
ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့်
ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ၀ါးရုံတော ကြီးတစ်ခု ရှိလေ၏ ။
ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား
သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ၀ါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။
ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ၀ါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင်
လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည်
သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

" ကယ်ကြပါဦးဗျို့... ကယ်ကြပါဦး.. သ...သရဲ ခြောက်လို့ဗျို့ "
 
အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို
နိုးလာလေသည် ။ ထို့ နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။

" အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား " ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည်


" ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ "

" ဟို...ဟို..."

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနဲ
ရှုရှိုက်နေရ၏ ။

" ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး " အတော်ကြာအမော ဖြေစေပြီးမှ ထွန်းခင်က

" ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ အဲဒါ
ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်း လည်း ဖြတ်ပြီးဝါးရုံတောလည်း ရောက်ရော
ဝါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ် ပြီးတော့ ၀ါးရုံ ပင်ကြီးတွေက
ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး
ထွက်ပြေး လာရတာပါ "

" ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး "

ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။

" ဟယ် ၀ါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး "

တစ်ယောက်တစ်ပေါက်ဆူညံကြကုန်၏ ။

" ကဲကဲ ဒါဆိုလည်း လူစုပြီး ၀ါးရုံတောကို သွားကြည့်ကြရအောင် "

" ဟို ...ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး "

"အေး မင်းတို့ နှစ်ယောက်နေခဲ့ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ "

သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံးလိုက်သွားကြသည် ။
ဝါးရုံတောသို့အရောက် ခြေလှမ်း တိုင်း လိုလိုက နှေးသွားကြလေသည်။
အမှောင်ထုအောက်ဝယ် ၀ါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေ သည့် နှယ် ။
အချို့ ကားကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။

လူအုပ်ကြီးက ၀ါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။
တစ်နာရီခန့်ကြာသော် မည်သည့် ထူး ခြားမှုမှ မရှိသောကြောင့် ရွာသို့
ပြန်ခဲ့ကြလေသည် ။ နောက်တစ်နေ့ မနက်တွင် တစ်ရွာလုံးကား ဟိုတစ်စု ဒီတစ်စု နှင့်
ဝါးရုံတော သရဲအကြောင်းကား တောမီးပမာ ပျံ့နှံ့သွားလေတော့သည် ။


သရဲအခြောက်ခံရသော ထွန်းခင်နှင့် ညိုအေးတို့မှာလည်း အကြောက်လွန်ပြီး ကိုယ်တွေ
ခြစ်ခြစ်တောက်ပူကာ ဆရာခေါ်၍ ကုသရလေသည် ။ ထိုသို့ဖြင့် အခြားရွာသို့
သွားစရာရှိလျှင် အခြာလမ်းမှ ပတ်သွားပြီး ၀ါးရုံတောနှင့် ရွာသင်္ချိုင်းကို
ဖြတ်သော လမ်းမှာ တစတစ တိတ်ဆိတ် ခြောက်သွေ့လာလေသည် ။ မဖြစ်မနေ ကိစ္စရှိမှသာလျှင်
ထိုလမ်းကို အသုံးပြုကြလေသည် ။

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး ၂ ရက်ခန့်အကြာတွင် သက်ကယ်သောင်ရွာကလေးသို့
လူနှစ်ဦး ရောက်ရှိ လာ လေသည်။ တစ်ဦးကား အထူးကုဆရာဝန်လေး ဒေါက်တာ
နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးကား ကျွန်ုပ်သက်တန့် ပင်ဖြစ်လေတော့သည် ။
ဒေါက်တာနိုင်ဇော်မှာ အသက် ၃၀ ခန့်ဝန်းကျင် အရပ်အမောင်း ထောင်ထောင်
မောင်းမောင်းနှင့် လွန်စွာ ကိုယ်ခန္ဓာ အချိုးအစားကျလှသူ တစ်ဦးဖြစ်လေသည်။ သူသည်
အထူးကု ဆရာဝန်ဘွဲ့ကြီးကို ယူထားသော်လည်း မြို့ကြီးပြကြီး တွင်မနေထိုင်ပဲ
ကျေးလက်တောရွာများတွင် လှည့်လည် ဆေးကုသနေသော စေတနာ ဆရာဝန်တစ်ဦး ဖြစ်လေသည် ။
ထို့အပြင်သူသည် လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသကဲ့သို့ တိုက်ရိုက်ခိုက်ရည်နှင့်
ပြည့်စုံသော စွန့်စားဝံ့သူ တစ်ဦးလည်း ဖြစ်ပေသည် ။ သူ့တွင်
လိုင်စင်နှင့်ကိုင်သော တောပစ်သေနတ်တစ်လက်လည်း ရှိပေသည် ။ ကျွန်ုပ်သည်
ထိုအချိန်က သာမန် ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒေါက်တာနိုင်ဇော်နှင့် လွန်စွာ
အတွဲညီလှသော ညီအစ်ကို ရင်းကဲ့သို့ သူငယ်ချင်းများ ဖြစ်ကြလေသည် ။
ကျေးလက်တောရွာများတွင် လှည့်လည်ဆေးကုရင်း သက်ကယ်သောင်ရွာသို့ အရောက်တွင်
လူနာနှစ်ဦးနှင့် ၀ါးရုံတောသရဲအကြောင်းက ဆီးကြိုနေလေသည် ။

ကျွန်ုပ်တို့ နှစ်ဦးသည် ရွာသို့ရောက်ရောက်ခြင်း ရွာလူကြီး ဦးအေးမောင်ဆီသို့
အကျိုး အကြောင်း သွားပြော ပြလေသည် ။ ဦးအေးမောင်သည် ကျွန်တော်တို့
အကြောင်းသိပြီးသောအခါ

" အဆင်သင့်လိုက်တာ ဆရာတို့ရယ် အခုတလော ရွာမှာ ဂြိုလ်ဝင်နေတယ်ဗျာ
ဝါးရုံတောသရဲအခြောက်ခံရတဲ့ နှစ်ယောက်ကလည်း သတိရတစ်ချက် မရတစ်ချက်နဲ့
တစ်ချက်လောက်ကြည့်ပါဦး ဆရာရယ် "

ထိုသို့ပြောပြီး မကြာခင်မှာပင် ရွာသားတစ်ဦး အမောတကောနှင့် ပြေးဝင်လာလေသည် ။

" သူကြီး သူကြီး ကိုထွန်းခင်ကြီး ဆုံးသွားလို့ တဲ့ အဲဒါသူကြီးကို
လာအကြောင်းကြားတာပါ "

" ဟေ ဖြစ်ရလေကွာ ကဲ ကဲ ..ဆရာ တို့လည်း ရှိတုန်း တချက်လောက် ကြည့်ပေးပါဦး ဗျာ "

သို့ဖြင့် ကျွန်တော်တို့ နှစ်ဦးကား သူကြီးနှင့်အတူ ထွက်လာခဲ့ကြတော့သည် ။
အိမ်တစ်အိမ်အရောက်တွက် ရှိလေသည် ။ အိမ်ပေါ်သို့ တက်ကြည့်သော် ထွန်းခင်ဆိုသူကား
အသက်သေဆုံးနေပြီ ဖြစ်လေသည် ။ ကြောက် မက်ဖွယ်ရာ တစ်ခုခုကို ကြုံတွေ့ပြီး
မအိပ်နိုင်မစားနိုင်နှင့် စိတ်ခြောက်ခြားကာ အသက်သေဆုံးခြင်းပင် ဖြစ်လေ သည် ။

" အင်း ဖြစ်မှ ဖြစ်ရလေဗျာ ဒီလူကတော့ အသက်သေဆုံးသွားပါပြီ ကဲ နောက်တစ်ယောက်ကို
သွားကြည့် ရအောင်ဗျာ "

ဒေါက်တာ နိုင်ဇော်မှ ပြောလိုက်သောကြောင့် ရွာသူကြီးက ညိုအေးအိမ်သို့
လိုက်ပို့ပေးလေသည် ။ အိမ်သို့ ရောက် သော် ညိုအေးမှာလည်း အခြေအနေမကောင်း ။
အဖျားတွေ တက်ကာ ကယောင်ကတမ်းဖြင့်

" သရဲ...သရဲ..အောင်မလေး ..ကြောက်ပါပြီဗျ"

ဟူ၍ ညည်းငြူနေလေသည်။ ဒေါက်တာနိုင်ဇော်သည် လူနာကို အသေအချာစမ်းသပ်ပြီး
ဆေးတစ်လုံးထိုးကာ သောက်ရမည့် ဆေးများပါ ပေးခဲ့လေသည် ။ ထို့နောက် အိမ်မှ
ပြန်ဆင်းလာကာ သူကြီးကို ပြောပြီး ရွာထဲသို့ လှည့်လည်ခဲ့လေသည် ။

သက်ကယ်သောင်ရွာကား ရွာကြီးတစ်ရွာမဟုတ်သော်လည်း အတော်အသင့် ကြီးမားသော ရွာတစ်၇ွာ
ဖြစ်လေ သည် ။ ရွာ၏ အနောက်ဖက်တွင် ဧရာဝတီ မြစ်ကြီး ရှိပြီး တောင်ဖက်တွင်
သင်္ချိုင်းကုန်း မြောက်ဖက်တွင် သီးနှံစိုက် ခင်းများနှင့် လွန်စွာ
နေချင့်စဖွယ်ကောင်းသော ရွာတစ်ရွာပင် ဖြစ်လေသည် ။ ရွာကလေးမှာကား သရဲ
ခြောက်ခံရပြီး တစ်ပါတ်အကြာတွင် တစ်ယောက် သေဆုံးသွားသည့်အတွက် ညနေစောင်းပင်
ဖြစ်လင့်ကစား ရွာထဲဝယ် လူသွားလူလာမရှိသလောက် တိတ်ဆိတ်နေကြလေသည် ။ ထိုအခိုက်
ကျွန်တော်တို့ရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲများကို ခေါင်းပေါ်ရွက်၍ သွားနေကြသော
လူတစ်စုကို တွေ့ရလေသည် ။ အကျိုး အကြောင်း မေးမြန်းကြည့်သော် ငှက်ပျောပွဲ
ရွက်ထားသူမှာ နတ်ကတော် ဒေါ် စိန်ပုဆို သူဖြစ်ပြီး ထိုလူစုသည် ၀ါးရုံပင် သရဲကို
ပူဇော်ရန်နှင့် ကွင်းပိုင်လယ်ပိုင်တို့ကို တောင်းပန်ရန်အတွက် ရွာတောင်ဖက် သို့
သွားနေ ခြင်းဖြစ် ကြောင်း သိရလေသည် ။ ကျေးလက်တောရွာသူတောရွာသား များ၏ ယုံကြည်မှု
ဖြစ်သောကြောင့် ကျွန်ုပ်တို့ နှစ်ဦး လည်း ဘာမှ မပြောတော့ပဲ သူတို့အုပ်စုနှင့်
မလှမ်းမကမ်းမှနေ၍ ရွာတောင်ဖက်သို့ ထွက်လာ ခဲ့ တော့သည် ။

စကားတပြောပြောနှင့် ကွမ်းတယာညက်ခန့်အကြာတွင် သရဲခြောက်သည်ဟု လွန်စွာ
နာမည်ကြီးသော ၀ါးရုံတော ကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။ နေညိုချိန်မို့
လေတဖြူးဖြူးတိုက်ခတ်လျှက်ရှိရာ အလင်း ရောင်ရှိသော အချိန်တွင်ပင်
ဝါးရုံတောကြီးကား ဘယ်ညာယိမ်းနေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူလှပေသည် ။ ရွာသား
များသည် ၀ါးရုံတောနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော တောင်ဂမုလေးတစ်ခုတွင်
ယူဆောင်လာသော ငှက် ပျောပွဲ အုန်းပွဲများကို တင်ပြီး ပူဇော်ပသကြလသည် ။
ကျွန်ုပ်တို့ နှစ်ဦးလည်း တအောင့်မျှ အကဲခတ်ကာ တည်းခို ရာအိမ်သို့
ပြန်ခဲ့ကြလေတော့သည် ။



နောက်တစ်နေ့ နံနက်တွင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ကို အဖန်ရေနှင့်
လွေးနေခိုက် ဒေါက်တာ နိုင်ဇော်က

" ကိုသက်တန့်ရေ.. ကျွန်တော်တို့ တောလည်ကြရအောင် ၀ါးရုံတောသရဲ အကြောင်းလည်း
စုံစမ်းရင်းနဲ့ပေါ့ ဘယ့် နှယ့် လည်း မကောင်းဘူးလား "

" ကောင်းသားပဲ ကိုနိုင်ဇော်ရသွားရအောင်လေ အမဲ မပစ်ရတာလည်း ကြာပေါ့ "

ပြောပြောဆိုဆို ကျွန်ုပ်သည် နံနက်စာစားခြင်းကို လတ်စသတ်လိုက်ပြီး ထမည်အပြုတွင်

" ဆရာ....ဆရာ ဟို... အဖေက ဟင်းပို့ခိုင်းလို့ပါ "

" အော်..ဟုတ်ကဲ့..လာပြီခင်ဗျ "

အိမ်ရှေ့သို့ထွက်ကြည့်သောအခါ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် မိန်းမပျို
တစ်ဦးကို တွေ့ရလေသည် ။

" ကျေးဇူးပဲနော်.. ဒါနဲ့ ညီမ အဖေက ဘယ်သူတုန်း "

" ဦးအေးမောင်ပါ ဆရာ "

" အော်.. သူကြီးကိုး.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါခင်ဗျ "

" ဟုတ်ကဲ့ရှင့် ပြန်ခွင့်ပြုပါဦးဆရာ "

" ဟုတ်ကဲ့ "

မိန်းမပျိုလေး ပြန်သွားပြီးနောက် ဒေါက်တာနိုင်ဇော်က

" ဘယ်သူတုန်း ကိုသက်တန့်ရ "

" သူကြီးသမီးပါ ကိုနိုင်ဇော် ဟင်းလာပို့တာ ကဲ သွားကြရအောင် "

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါက်တာနိုင်ဇော်က လက်စွဲတော် သေနတ်ကို စွဲကာ
နှစ်ဦးသား ထွက်ခဲ့ကြ လေ တော့ သည် ။

ရွာတောင်ဖက်ရှိ ၀ါးရုံတောသို့အရောက်တွင် ဒေါက်တာ နိုင်ဇော်က ၀ါးရုံတော
အောက်ခြေသို့ ဆင်းရန် ပြင်လေ သည် ။ ၀ါးရုံတော အောက်ခြေကား လူတရပ်မျှ ရှိသော
ကိုင်းပင်များဖြင့် အုံ့ဆိုင်းလျှက်ရှိရာ အတွင်းသို့ ထိုး ဖောက်၍ မမြင်ရပေ ။

" ဖြစ်ပါ့မလား ကိုနိုင်ဇော်ရ မြွေတွေဘာတွေ တွေ့မှဖြင့် "

" အေးဗျ ကိုင်းပင်တွေက အတော့်ကို ထူတာပဲ ကျွန်တော်တော့ ဒီဝါးရုံတော အောက်ခြေမှာ
လျှို့ဝှက်ချက် ရှိတယ် ထင်တယ်ဗျာ "

" ကဲ ညရောက်မှ သရဲခြောက်မခြောက်လာ ကြည့်တာပေါ့ဗျာ အခုတောဝင်စို့ "

ပြောပြောဆိုဆို ကျွန်ုပ်က ၀ါးရုံတော အလယ်တွင်လူတစ်ယောက်သွားနိုင်သော
ခြုံလမ်းလေးထဲသို့ တိုးဝင် လိုက်လေသည် ။ ၀ါးရုံတောနောက်တွင် ရိုးမတောအုပ်ကြီး
တည်ရှိပြီး ၀ါးရုံတောကား တောအုပ်ကြီး အ၀င်ပေါက်ကို ပိတ်ထားသကဲ့သို့ ရှိလေသည် ။
ကျွန်ုပ်သည် ၀င်ပေါက်ကို သက်ကယ်သောင်ရွာရှိ မုဆိုးများထံမှ
စနည်းနာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဆရာဝန် နှစ်ဦးကား လူ့အသက်ကို ကယ်ရသော
အလုပ်ကို လုပ်ရ သော် လည်း အမဲလိုက်ခြင်းကိုမူ လွန်စွာ ၀ါသနာပါလေသည် ။ (
ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တို့၏ တောတွင်း အတွေ့ အကြုံများကို နောင်အခါ
ရေးသားပါဦးမည် ) ။ ကျွန်ုပ်တို့သည် ယုန် ၊ မျောက် ၊ သမင်စသော အကောင
်ငယ်လေးများကို တွေ့သော်လည်း ပစ်ခတ်ခြင်းမပြုပဲ တောနက်ထဲသို့ ဆက်၍ ၀င်ခဲ့ကြသည်
။ တောတွင်း တစ်နေရာ လျှိုမြောင်ကြီး ဆီသို့ အရောက်တွင် ဒေါက်တာနိုင်ဇော်က
လက်ကာပြလိုက်၍ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချ လိုက်လေသည် ။

" ကိုသက်တန့် ကျွန်တော်တို့ အခြေအနေမကောင်းဘူးဗျ ဒီနားတစ်ဝိုက်မှာ နှောကူးကြီး
(ပြောင်) ရှိနေတယ် ကျွန်တော်တို့က လေညှာအောက်ရောက်နေတယ်ဟို
ကုန်းမြင့်ပေါ်တက်နိုင်မှ ဖြစ်မယ်ဗျ လာလာ "

ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ တက်သွားလေသည် ။ ကျွန်ုပ်မှာ ပြောင်သဘာဝကို သိပြီး
ဖြစ်သည့် အလျောက် ဇော်ချွေး များ ပျံလာမိသည် ။ ပြောင်များသည် အနံ့ခံ
ကောင်းသလောက် သင်းကွဲ ( အုပ်စုကွဲ ) ဆိုလျှင် တွေ့ရာ ဂမူးရှူး ထိုး
ရန်မူတတ်ပေသည် ။ လေညှာတွင် ရှိသော သတ္တ၀ါကို အနံ့ခံအာရုံဖြင့် ခွဲခြားနိုင်စွမ်း
ရှိလေသည် ။

တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအောက်သို့ ရောက်မှသာလျှင် ကျွန်ုပ်လည်း
အသက်ပြင်းပြင်း ရှူ နိုင်လေသည် ။ ဒေါက်တာနိုင်ဇော်မှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့
ငြိမ်သက်စွာ ဒူးထောက်ထိုင်နေပြီး ပတ်ဝန်းကျင်ကို အကဲ ခတ်နေသည် ။ ထိုအခိုက်
စောစောက ကျွန်ုပ်တို့ ရပ်နေခဲ့သော နေရာသို့ ပြောင်ကြးက ၀င်လာနေသည် ။ ဒေါက်တာ
နိုင်ဇော်သည် တည်ငြိမ်စွာဖြင့် သေနတ်ကို ချိန်လိုက်ပြီး ပစ်ချလိုက်လေတော့သည် ။

" ဒိုင်း "

ယမ်းပေါက်ကွဲသံကြီးကြောင့် တစ်တောလုံးရှိ ကျေးငှက်များ လန့်ဖြန့် ပျံကုန်ကြသည
်။ ထိုအခိုက် ထူးဆန်းသော ဖြစ်ရပ်ကို မျက်ဝါးထင်ထင် ကြုံရလေတော့သည် ။ ယင်းမှာ
ပြောင်ကြီးသည် ချက်ကောင်းကို ထိပါလျှက်နှင့် လဲမကျ သွားသည့်အပြင် ကျွန်ုပ်တို့
နှစ်ယောက်ကို တွေ့သွားပြီ ဖြစ်၍ တောင်ကုန်းပေါ်သို့ တဟုန်ထိုး ပြေး တက် လာလေသည်
။ ကျွန်ုပ်လည်း အသက်မျှပင် မရှုရဲပဲ မကြံတတ်အောင်ပင် ဖြစ်သွားလေသည် ။
ပြောင်ကြီးသည် ကျွန်ုပ်တို့နှင့် တဖြည်းဖြည်း နီးလာပေသည် ။ ထိုအခိုက်
ဒေါက်တာနိုင်ဇော်ကို ကြည့်လိုက်ရာ စိတ်မပူသည့် အလား အေးအေးဆေးဆေးပင်
ထိုင်နေလေသည် ။ ပြောင်ကြီးကား ကျွန်ုပ်တို့ နှင့် သုံးကိုက်လောက် အကွာတွင်
ဗုန်း ကနဲ လဲကျသွားပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်လည်း အသက်ပြင်းပြင်း
ရှူရဲလေတော့သည် ။ ဒေါက်တာ နိုင်ဇော်က

" ဒီလို ရှိတယ် ကိုသက်တန့်ရ ပြောင်တွေက သွေးနွေးသတ္တ၀ါတွေထဲမှာ နာကျင်မှုဒါဏ်ကို
အခံနိုင်ဆုံးနဲ့ ဒေါသအကြီးဆုံး အကောင်တွေပဲ စောစောက ကျွန်တော်ပစ်လိုက်တာက
သူ့ရဲ့ လက်ဖျံရိုးအောက်တည့်တည့်ပဲ ဒါပေမယ့် သူတို့ကို ရန်မူမှန်းသိတော့
ဒီကောင်တွေက လတ်တလောဒါဏ်ရာကို မေ့သွားတယ်ဗျ ပြီးတော့ ရန်သူရှိ ရာကို ရန်ပြုဖို့
ပြေးလာတယ် ။ ဒါပေမယ့် နှလုံးကို ထိထားတဲ့ ဒါဏ်နဲ့ ကုန်းတက်ကြီးကို ဒင်း
ငါးကိုက် လောက်အပြင် ပြေးမတတ်နိုင်ပါဘူးဗျာ "

ဟု ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်တော်လည်း ဒေါက်တာနိုင်ဇော်၏ ဗဟုသုတ
ကြွယ်ဝပုံတို့ကို အသိအ မှတ်ပြုရလေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း
ပြောင်ကြီးကို ၀ါးလုံးဖြင့် လျှိုထမ်း၍ ရွာသို့ ပြန်ကာ ရွာသား များအား
ခွဲဝေပေးလိုက်လေတော့သည် ။



အကာလ ညအချိန်မို့ လူခြေက တိတ်ဆိတ်နေသည် ။ ထိုအချိန် ၀ါးရုံတောကြီးနှင့်
မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဇွဲနဘဲကြီးစွာ
စောင့်ဆိုင်းနေကြသူ နှစ်ဦးကား ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်ပင် ဖြစ် လေ သည်
။ ကျွန်ုပ်တို့ကား ခြင်ကိုက်လည်း မရိုက်ရဲ အပေါ့အပါးလည်း မသွားရဲဘဲ
ဝါးရုံတောသို့သာ စူးစိုက် ကြည့်နေကြရသည် ။ နာရီပြန် ၂ ချက်ထိုးသောအခါ
လူများကလည်း ငိုက်မျည်းစပြုလာသည် ။

" ဆရာနိုင်ဇော်ရေ ဒီည သရဲက ခြောက်ပါ့မလားဗျ"

" အင်းအသေအချာတော့ မပြောနိုင်ဘူးဗျ စောင့်တော့ကြည့်ရမှာပဲ "

ထိုအခိုက်

" ဆရာ.. ဆရာ.. အဖေက ညဥ့်နက်နေပြီဆိုလို့ ဆရာတို့ကို ခေါ်ခိုင်းလိုက်လို့
ဆင်းလာပါဦး "

ဟု အော်သံကို ကြားရလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ကို
ဟင်းလာပေးသော သူကြီး သမီး ဖြစ်နေလေသည် ။ ကျွန်ုပ်က ပြန်ပြောမည်အပြုတွင်
ဒေါက်တာနိုင်ဇော်က

" ရှူးတိုးတိုး ဆရာ ဘာမှ ပြန်မပြောနဲ့ ကျွန်တော်နောက်မှရှင်းပြမယ် "

ဟုတည်ငြိမ်စွာ ပြောလေသည် ။ သစ်ပင်အောက်မှ မိန်းကလေးကလည်း လေးငါးခါလောက်
အော်ခေါ်လေသည် ။ အတန်ကြာသောအခါ ကျွန်ုပ်တို့ မဆင်းလာမှန်းသိသည်နှင့်
ကျွန်ုပ်တို့နှစ်ဦးရှိရာသို့ စူးစူးစိုက်စိုက် ကြည့်ကာ အမှောင် ထုထဲ
ဝင်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်၏ ရင်ထဲတွင် အေးခဲသော လက်ကြီးနှင့်
စွဲဆုပ် ထားဘိသကဲ့သို့ ခံစားလိုက်ရလေတော့သည် ။

" ဒီလိုဆရာရဲ့ ဒီအချိန်ကြီးမှာ သူကြီးက သူ့သမီး မိန်းမပျိုလေးကို ကျွန်တော်တို့
နှစ်ယောက်တည်းရှိတဲ့ နေရာကို လာခေါ်ခိုင်းပါ့မလား စဉ်းစားပါဦး နောက်ပြီး
ဆရာသတိထားမိလား ဒီမိန်းမက လုံးဝမျက်တောင်မခတ်ဘူးဗျို့ အမှန်တော့ ဒီလို
တောတွေမှာ တောခြောက်တာတွေ နာနာဘာဝတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ကို
ရမလားလို့ လှည့်စားတာပေါ့ဗျာ "

ဟုရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးထမိသွားသည် ။ ဒေါက်တာ
နိုင်ဇော်မပါပဲ ကျွန်ုပ် တစ်ယောက်တည်းသာဆိုလျှင် ဆင်းသွားမိမှာ သေချာပေသည် ။
ထိုအခိုက် ၀ါးရုံတောကြီးကား တဟီးဟီး မြည် လာပြီး ယိမ်းထိုးလာလေသည် ။
ထူးဆန်းသည်မှာ ဘေးနားမှ သစ်ပင်များမှာ တုတ်တုတ်မျှ မလှုပ် ။ ၀ါးရုံပင
်များသာလျှင် သွက်သွက်ခါအောင် လှုပ်ခါနေခြင်းဖြစ်၏ ။ ကျွန်ုပ်တို့နှစ်ဦးလည်း
သရဲခြောက်ခြင်းကို မယုံကြည် သူများ ဖြစ်သော်လည်း ယခုအခါ မစဉ်းစားတတ်အောင်
ဖြစ်ရလေ၏ ။ နာရီဝက်ခန့် လှုပ်ခါပြီးသောအခါ တ ဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည် ။
ကျွန်ုပ်တို့လည်း ဆက်လက်၍ ထူးခြားမှုများ မရှိတော့သောအခါ အောက် သို့ ဆင်းပြီး
တည်းခိုရာ အိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

နံနက်ရောက်သောအခါ သူကြီးကို ညတုန်းက ကြုံခဲ့ရသည်များကို ပြန်၍ ပြောပြလိုက်ရာ
သူကြီးဦးအေးမောင်မှာ လွန်စွာ ထိတ်လန့်အံ့သြလျှက်ရှိပြီး သူကြီးသမီးမှာ
အံ့သြနေသော အမူအယာ ရှိလေသည် ။ သို့နှင့် ကျွန်ုပ်တို့ သူငယ် ချင်း နှစ်ဦးလည်း
မတွေးတတ်အောင်ပင် ရှိနေတော့သည် ။ ညတုန်းက အိပ်ရေးပျက်ခဲ့သောကြောင့်
ကျွန်ုပ်တို့ နှစ်ဦးလည်း တည်းခိုရာအိမ် သို့ ပြန်ပြီး တရေးတမော အိပ်စက်ကြလေသည်
။ ညနေစောင်း ငါးနာ ရီအချိန်လောက်တွင် လူပေါင်း ၁၀ယောက် ခန့်ပါသော လူအုပ်ကြီးသည်
ရွာလယ်လမ်းတလျောက် ဖုန် တ၀ုန်း ၀ုန်း ရှိအောင် သွားနေကြလေသည် ။

ထိုလူအုပ်ကြီး အလယ်တွင် လွန်စွာ သွေးစုပ်ဖြူလျော်လျှက်ရှိသော လူတစ်ဦးကို
စောင်ပုခက်အတွက် သယ် ဆောင်လျှက် ကျွန်ုပ်တို့ နှစ်ဦး တည်းခိုရာ
နေအိမ်အတွင်းသို့ ၀င်ရောက်လာ ကြလေသည် ။ ကျွန်ုပ်တို့လည်း အခြေ အနေကို
မေးမြန်းကြည့်ရာ

" ကယ်ပါဦး ဆရာရယ် ဒါက ကျွန်တော်တို့ရွာကို လာနေကြ ကုန်သည်ကိုဘအေးပါ တစ်လ
တစ်ခါလောက် လာ လေ့ရှိပါတယ် ဒီတစ်ခေါက်လာတာ ၀ါးရုံတောကြီး နားအရောက်မှာ
လဲကျနေတာတွေ့လို့ ရွာသားတွေက သယ် လာတာပါ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်ဆိုလို့
ကျွန်တော်တို့ သယ်လာတာပါ "

သို့နှင့် ကျွန်ုပ်တို့လည်း လူနာကို စပ်းသပ်ကြည့်ရာ နှလုံးအားနည်းနေသည်က
တစ်ကြောင်း ထိတ်လန့်စရာ တစ်ခုခုကို ရုတ်တရက်တွေ့လိုက်ရ၍ သွေးလန့်သွားခြင်းပင်
ဖြစ်လေသည် ။ လိုအပ်သော ကုသမှုများပေးပြီး လူနာ ကို ကျွန်ုပ်တို့ နှစ်ဦးပင်
စောင့်ကြည့်လေသည် ။ တစ်နာရီခန့်ကြာသောအခါ လူနာမှာ အတော်အတန် ထူထူ ထောင်ထောင်
ဖြစ်လာလေသည် ။

" ကဲဆိုစမ်းပါဦးဗျ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ "

" ဒီလိုပါဆရာ ကျွန်တော့်နာမည်က ဘအေးပါ ကျွန်တော်က ဒီရွာကို တစ်လတစ်ခါတော့
ကုန်ရောင်းကုန်သည် အ လုပ်နဲ့ လာနေကျပါ အခုတစ်ခေါက် မြို့ က ထွက်လာကတည်းက
ဘာမှမစားလာမိဘူးဆရာ ဒါနဲ့ ရွာတောင် ဖက်က တောစပ်က ၀ါးရုံတော အောက်မှာ
ကျွန်တော်ခဏနားပါတယ် ။ ပြီးတော့ကျွန်တော် ဗိုက်ဆာလွန်းလို့ မြို့က ၀ယ်လာတဲ့
ခေါက်ဆွဲခြောက်တွေ ပြုတ်သောက်ဖို့ ၀ါးရုံပင်အောက်မှာ မီးမွှေးပါတယ်ဆရာ အဲဒီလို
မီး မွှေးပြီး ၀ါးနဲနဲလိုနေလို့ ကျွန်တော် ၀ါးရုံတောအစပ်က ၀ါးပင်ပေါက်လေးကို
သွားနှုတ်မိပါတယ် ။ နှုတ်လိုက် တဲ့အခါ အထဲက သွေးတွေ ပန်းထွက်လာပါတယ်
ကျွန်တော်ဖြင့်ကြောက်လိုက်တာ လွန်ပါရောဗျာ တောခြောက် တာလား ဘာလားတော့ မသိပါဘူး
ဗျာ "

ထိုသို့ ပြောလိုက်သောအခါ ဒေါက်တာ နိုင်ဇော်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်
အားရ၀မ်းသာစွာ

" ကဲဒါဆို ကျွန်တော်တို့ကို အဲဒီ သွေးတွေထွက်တဲ့ နေရာ လိုက်ပို့နိုင်မလားဗျာ
ကျွန်တော့်မှာ သေနတ်လည်း ပါ ပါတယ် "

" ဟုတ်ကဲ့ ကျွန်တော်လိုက်ပို့ပေးပါ့မယ် "

သို့ဖြင့် ကိုဘအေး ၊ ဒေါက်တာ နိုင်ဇော် ၊ ကျွန်ုပ်နှင့် ရွာသား
သုံးလေးယောက်တို့ ရွာ တောင်ဖက်သို့ ထွက်လာခဲ့ကြပေတော့သည် ။



ဝါးရုံတောကြီး အလယ်တည့်တည့် ကျွန်ုပ်တို့ ရိုးမတော ထဲ ၀င်သော အစပ်နားလောက်တွင်
သွေးကွက်ကြီးကို ထင်ထင် ရှားရှား မြင်လိုက်ရပေသည် ။ သွေးများကား ၀ါးပင်နှုတ်သော
နေရာမှ ထွက်နေဆဲပင် ရှိသေးသည် ။ ရွာသား များကား သို့လော သို့လောနှင့် အလွန်ပင်
ထိတ်လန့်တုန်လှုပ်လိုက်ရှိပေသည် ။ ဒေါက်တာနိုင်ဇော်ကား မှိုရသော မျက်နှာကဲ့သို့
အထူးပင် ၀မ်းသာလျှက် ရှိပေသည် ။

" ဘယ့်နှယ့်တုန်း ကိုနိုင်ဇော်ရ ပြုံးလှချည်လား "

" ဟဲဟဲ ပြုံးဆို အဖြေကို ကျွန်တော်သိပြီဗျ ဒါပေမယ့် ကျိန်းသေအောင်တော့
ကိုသက်တန့်ရယ် ကျွန်တော်ရယ် ဒီည စမ်းသပ်မှု တစ်ခု လုပ်ရလိမ့်မယ် "

" ဟုတ်လား ကျွန်တော်ဖြင့်မ စဉ်းစားတတ်အောင်ပါပဲ ဗျာ "

" ညရောက်ရင် ဒီသရဲ ဆိုတာကို ခင်ဗျား မျက်မြင်တွေ့ရပါစေ့မယ် ဗျာ...ဟားဟားဟား "

ဒေါက်တာနိုင်ဇော်ကို ကြည့်ရင်း ကျွန်ုပ်လည်း အတော်ပင် စိတ်အားတတ်သွားမိလေသည် ။
သို့နှင့်....


ဝါးရုံတောကြီးကား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည် ။
ဟိုနားဒီနား ဖျက်ကနဲ တွေ့လိုက်ရသော အရိပ်များကား ကျွန်ုပ်ကို
ခြောက်လှန့်လျက်ရှိသည် ။ နေ့လည်က တွေ့ခဲ့သော သွေး ကွက် များကား ခြောက်လျှက်
ရှိပေသည် ။

" ကျွန်တော်ယူခိုင်းလိုက်တာတွေ ပါရဲ့လား ကိုသက်တန့် "

" ပါ ပါတယ်ဗျာ ဒီမှာ ရော့ "

ဒေါက်တာနိုင်ဇော်ကျွန်ုပ်ကို ယူဆောင်ခိုင်းသော ပစ္စည်းများမှာ ကောက်ရိုးခြောက်
အနည်းငယ်နှင့် မီးခြစ်ပင် ဖြစ်ပေ သည် ။ ထို့နောက် ဒေါက်တာ နိုင်ဇော်သည်
ဝါးရုံတော အောက်ခြေတွင် မီးပုံတစ်ခုကို ဖိုလေသည် ။ ထိုသို့ ဖိုပြီး
မကြာခင်မှာပင် ၀ါးရုံတောကြီးကား သွက်သွက်ခါအောင် လှုပ်ယမ်းလာလေသည် ။ အခြားသစ်
်ပင်များကား မလှုပ်ပေ ။ ၀ါးပင်များသာလျှင် တစ်စုံတစ်ဦးက လှုပ်ယမ်းနေသကဲ့သို့
လှုပ်ခါနေခြင်းဖြစ်သည် ။ အတန်ကြာသောအခါ ဒေါက်တာ နိုင်ဇော်က မီးပုံကို
ငြိမ်းသတ်ပစ်လိုက်လေသည် ။ ထိုအခါ ၀ါးရုံတောကြီးကား တစ်စတစ်စ ပြန်လည်
ငြိမ်သက်သွားလေတော့သည် ။

“ ဘယ်လို ဖြစ်တာတုန်း ကိုနိုင်ဇော်ရ ကျွန်တော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး
"

" ခင်ဗျားကို အဖြေမပြောခင် နောက်တစ်ခု ပြအုန်းမယ်ဗျ လာ "

ဟုဆိုကာ ၀ါးရုံတော အစပ်ရှိ ၀ါးပင်များရှိရာသို့ ဦးတည်လျောက်သွားလေသည် ။

ဒေါက်တာ နိုင်ဇော်သည် ၀ါးအသေးပင်တစ်ပင်ကို ဆတ်ကနဲ နှုတ်ယူလိုက်လေသည် ။ ထိုအခါ
ဝါးရုံတောကြီးမှာ စော စောကကဲ့သို့ လှုပ်ရှားယိမ်းထိုးလာလေသည် ။ ထို့ထက်
အံ့သြဖွယ်ကောင်းသည်မှာ ၀ါးနှုတ်လိုက်သော နေ ရာမှ သွေးများပန်းထွက်လာခြင်းပင်
ဇြစ်သည် ။ နာ ရီဝက်ခန့် ကြာသောအ ခါမှသာလျှင် ပြန်လည် တည်ငြိမ် သွား လေတော့သည် ။

" ဘယ်လို ဖြစ်တာတုန်းကို နိုင်ဇော်ရ ဒီဝါးရုံတောက အသက်များ ရှိနေလား "

" ၀ါးရုံတောကတော့ အသက်ဘယ်ရှိမလဲဗျာ ၀ါးရုံတော အောက်ခြေမှာ အသက်ရှိတဲ့အ
ကောင်ရှိနေလို့ပေါ့ "

" ဗျာ ဘယ်..ဘယ်လို "

" ဒီလိုဗျ ဆရာ ကြားဖူးလား မသိဘူး ရှေးနှစ်ပေါင်းများစွာ က သတ္တ၀ါကြီးတွေဟာ အလွန်
အမင်းကြီး ထွားခဲ့ကြတယ် ဒါကြောင့် ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ဆိုပြီး
အဆိုရှိခဲ့ကြတယ်ဗျ ရေထဲမှာဆို ငရွေးဆိုတဲ့ ငါး ဟာ အကြီးဆုံးပဲ သူပြီးမှ ညံ
သတ္တ၀ါတွေက အကြီးဆုံးပဲ မြေကြီးထဲမှာ ဆိုရင် ကုန်းနေသတ္တ၀ါတွေထဲမှာ ဆိုရင်ပေါ့
ဗျာ မြွေပွေးက အကြီးဆုံးပဲဗျ ဒီကောင်တွေက အစာစားပြီးတာနဲ့ တစ်နေရာရာမှာ နှစ်နဲ့
ချီပြီး ငြိမ်ငြိမ် လေး နေနေလေ့ ရှိတယ်ဗျ ရာသီဥတုတွေပြောင်းတော့
သူတို့ကိုယ်ပေါ်မှာ လေဒါဏ်မိုးဒါဏ်နဲ့ အလေ့ကျ အပင်တွေ ပေါက်လာတယ်
မျှစ်စို့လေးတွေ လည်းပေါက်လာပြီး နောက်ပိုင်းကြီးလာတဲ့အခါ သူတို့ ကိုယ်က အသား
တွေကို ဖောက်ပြီး ၀ါးရုံပင်တွေပေါက်လာတယ် ဒါပေမယ့်လည်း ဒီကောင်တွေက ငြိမ်နေတော့
မသိသာ ဘူးပေါ့ ဒါပေမယ့် ၀ါးရုံပင်ကို နှုတ်လိုက်တဲ့အခါ သူတို့ ကိုယ်ပေါ်က
အသားတွေကို ဆွဲနှုတ်သလို ဖြစ်ပြီး သွေး တွေ ထွက်လာတာပဲဗျို့ ပြီးတော့ သူတို့
ကိုယ်ပေါ်ကိုမီးမွှေးတော့ အပူဒါဏ်ကြောင့် မြွေကြီး လှုပ်ရှား လိုက်တဲ့အခါ
သူ့ကိုယ်ပေါ်မှာ အမြစ်တွယ်နေတဲ့ ၀ါးရုံတောကြီးပါ လိုက်ပြီး လှုပ်လာတာပေါ့ဗျာ "

" အော်.. လတ်စသတ်တော့ ဒီလိုကိုး ဒါဆို သူတို့ ခေါင်းကရောဗျာ "

" ခေါင်းကတော့ တောတွင်းတစ်နေရာမှာ ရှိမှာပေါ့ဗျာ "

" အော်..."

သို့နှင့် ကျွန်ုပ်ရင်ထဲက ပုစ္ဆာလည်း ဒေါက်တာ နိုင်ဇော် အဖြေကြောင့်
ရှင်းလင်းသွားရလေတော့သည် ။



နောက်တစ်နေ့ နံနက်တွင် ရွာသားများအား သူကြီးအိမ်တွင် စုနေစေပြီး အဖြေကို
ပြောပြလိုက်လေသည် ။ ရွာသား များမှာ အံ့သြလွန်း၍ မျက်တောင်ပင် မခတ်ကြပေ ။
ပြီးနောက်

" တော်သေးတာပေါ့ ဆရာရယ် ဆရာတို့လို ဗဟုသုတကြွယ်ဝလူမို့သာပေါ့ ကျွန်တော်တို့
ဖြင့် သရဲ ခြောက် တယ်ပဲ ထင်နေတာဗျာ ဒါနဲ့ ဒီမြွေကြီးကို ဘယ်လို လုပ်ရမလဲဗျာ "

" ဒီလို ရှိတယ်ဗျာ ဒီကောင်ကြီး ငြိမ်နေတုန်းတော့ အကြောင်းမဟုတ်ဘူးဗျ ဒါပေမယ့်
အချိန်တန်လို့ ဗိုက်ဆာလို့ လှုပ်ရှား လိုက်ရင်ဒီရွာကလေးလည်း ပျက်သွားနိုင်တယ်
ဒီတော့ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်ဗျာ ရှင်းရမယ့် နည်းလမ်းကတော့ အခု ဒီရွာရဲ့
ဘေးက ခမာ တောင်ခြေမှာ ရထားလမ်းဖောက်ဖို့ တောင်တွေ ဖြိုနေကြတယ် ။ သူတို့ကို
အကူအညီတောင်းပြီး ဒီကောင်ကြီးကို မိုင်းနဲ့ ရှင်းပစ်ရမှာပဲ "

" အေးဗျာ ဆရာရဲ့ အကြံကတော့ အကောင်းဆုံးပဲ ဒီကောင်ကြီးက သူ့ဘာသာနေတဲ့အတွက်
ရက်စက်ရာ ကျပေမယ့် မတတ်နိုင်ဘူးလေ တချိန်လူတွေ ဒုက္ခမရောက်ဖို့အတွက်
ရှင်းပစ်ရမှာပဲ ဆရာရေ "

ဒီလိုနဲ့ ရွာသူကြီး ဦးအေးမောင် နဲ့ ရပ်ရွာလူကြီးများ ၊ ကျွန်ုပ်တို့ နှစ်ဦး
ပေါင်းပြီး မိုင်းလုပ်သားများကို သွား၍ အကူ အညီတောင်းကြလေသည် ။

ရထားလမ်းအလုပ်သမားများကလည်း အထက်လူကြီးကို တင်ပြပြီး အကူအညီပေးလေသည် ။
သို့နှင့် သက်ကယ် သောင်ရွာ ကလေးတွင် ရွာသူရွာသားများအား
ထိတ်လန့်တုန်လှုပ်စေခဲ့သော မြွေကြီးအား မိုင်းခွဲ၍ ရှင်းပစ် လိုက်လေတော့သည် ။
ကျွန်ုပ်တို့ နှစ်ဦး၏ စိတ်ထဲတွင်ကား သူ့ဘာသာနေသော မြွေကြီးအား တမင်တကာ
သတ်ဖြတ်လိုက်ရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန် ရွာသူရွာသူများ၏
အသက်ပေါင်းများစွာနှင့် ပတ်သည် နေသည်ဖြစ်သောကြောင့် သာ သတ်ဖြတ်ရခြင်း
ဖြစ်သည်မို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေတော့သတည်း ။