ကျွန်တော့်အဖေက စစ်မှုထမ်းတဦးမို့ ကျွန်တော်ကလေးဘဝမှာ
အဖေတာဝန်ကျရာတပ်ရင်းဌာနချုပ်တိုင်းကို ကျွန်တော်တို့မိသားစု
လိုက်ပြောင်းပြီး နေခဲ့ကြရတာပေါ့။ အဲ့ဒီလိုနဲ့ အဖေတာဝန်နဲ့ပြောင်းရွှေ့ရတဲ့
တပ်တတပ်ကိုအရောက်မှာတော့ တစ္ဆေသရဲနဲ့ပတ်သက်လို့ ကျွန်တော့်အတွက်
ပထမဦးဆုံးအတွေ့အကြုံတခုကို စတင်ကြုံရဖို့ ဖြစ်လာရော ဆိုပါတော့။
အဲ့ဒီတပ်မှာ နောက်ကင်းဆိုတာရှိတယ်။ နောက်ကင်းမှာ လိုင်းခန်းတွေအတွက်
အိမ်သာတွေဆောက်ထားပြီး နောက်ကင်းရဲ့ပတ်ဝန်းကျင်မှာလည်း
သစ်ပင်ကြီးတွေအုံ့ဆိုင်းပြီး ဆုးချုံတွေလည်း ရှိတယ်။
လူသွားလူလာလည်းပြတ်တာကြောင့်မို့ ညနေ နေဝင်ချိန်ဆိုရင် ဘယ်သူမှ
အဲ့နောက်ကင်းနားကို အသွားအလာ မလုပ်ချင်ကြဘူး။
တဆင့်စကားနဲ့ ကောလဟာလလိုလိုကြားရတာ တခုကလည်း နောက်ကင်းနားမှာ သရဲခြောက်သတဲ့။
မိုးတွေတအားရွာပြီး လေတွေနင်းကန်တိုက်တဲ့ တညမှာတော့ နောက်ကင်းမှာ
ဦးအုန်းဆိုတဲ့ လူကြီး ကင်းစောင့်တာဝန်ကျပါတယ်။ အများသိကြတဲ့အတိုင်းပဲ
မိုးရွာပြီဆိုတာနဲ့ နောက်ဆက်တွဲအနေနဲ့ မီးကလည်း ပြတ်သွားရော။
ပတ်ဝန်းကျင်တခုလုံး
အမှောင်အတိဖုံးပြီး မိုးသံလေသံတွေနဲ့ ခြောက်ခြားစရာကောင်းနေချိန်မှာ
နောက်ကင်းရဲ့ ကင်းတဲလေးထဲမှာ ဦးအုန်းတယောက်တည်း ကြောက်ကြောက်နဲ့
ကင်းစောင့်နေရတယ်။ လျှပ်စီးတွေ တဖြတ်ဖြတ်လက်၊ သစ်ပင်တွေကလည်း အမှောင်ထဲမှာ
လေတိုက်လိုက်တိုင်း ဘယ်ညာယိမ်းထိုးပြီး စိတ်လှုပ်ရှားစရာကောင်းနေချိန်မှာပဲ
နောက်ကင်းနားမှာရှိနေတဲ့
ပေသီးပင်ပေါ်ကနေ အရိပ်ဖြူဖြူကြီးတခုက
ဇောက်ထိုးဆင်းလာတာကို ရုတ်တရက်လက်သွားတဲ့ လျှပ်ရောင်ကြောင့်
ဦးအုန်းသေချာမြင်လိုက်ရတယ်။ မြင်မြင်ချင်းတော့ ဦးအုန်းစိတ်ထဲမှာ
အိမ်သာလာတက်တဲ့လူတွေကို ချောင်းကြည့်ချင်လို့ တယောက်ယောက်များ
ပေပင်ပေါ်တက်ပုန်းရင်းက မိုးတအားရွာလာလို့ ပြန်ဆင်းလာတယ် ထင်လိုက်တာ။ ခဏနေမှ
သတိထားမိသွားတာက လူဆိုရင် အပင်ပေါ်ကနေ
ဇောက်ထိုးဘယ်လိုဆင်းလာနိုင်ပါ့မလဲဆိုတာကိုပဲ ။ ဒါနဲ့ ဘာကြီးပါလိမ့်ဆိုပြီး
အမှောင်ထဲမှာ
သတိထားစောင့်ကြည့်နေရင်းက နောက်တကြိမ်လျှပ်စီးအလက်မှာ
အဲ့ဒီဖြူဖြူအရိပ်ကြီးကို သဲသဲကွဲကွဲထပ်မြင်လိုက်ရတော့ မျက်နှာတခုလုံးကို
ဆံပင်ရှည်တွေနဲ့ ဖုံးနေတာတဲ့ဗျ။ အဲ့ဒီအရိပ်ဖြူဖြူကြီးက အပင်ပေါ်ကနေ
မြေပြင်ပေါ်ရောက်လာတော့ ဦးအုန်းရှိနေတဲ့ နောက်ကင်းတဲဆီကို
တဖြည်းဖြည်းချင်းလမ်းလျှောက်လာနေတာ။
ဦးအုန်းခမျာလည်း ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိတော့ပဲ အသက်ရှူ ဖို့တောင်မေ့နေပြီး အဲ့ဒါကြီးကိုပဲ
မျက်လုံးပြူးပြီး မျက်တောင်မခပ်တမ်း ကြည့်နေမိတော့တာ။ သူကြည့်နေတုန်းမှာပဲ
သူရှိနေတဲ့ကင်းတဲထဲကို အဲ့ဒီဖြူ ဖြူ ကြီး ဝင်လာပြီး သူ့ဘေးနားမှာ
လာထိုင်နေပါလေရော။ ဦးအုန်းတကိုယ်လုံး ကြောက်စိတ်နဲ့ တဆတ်ဆတ်တုန်နေပြီး
(ကန်တော့ပါရဲ့ ) ရှုရှူးတွေတောင် ထွက်ကြကုန်တော့တာပဲ။
ကြောက်အားလန့်အားနဲ့ အဲ့ ဖြူ ဖြူ ကြီးကို ကြည့်လိုက်မိတော့ မျက်လုံး၊
နှာခေါင်း၊ ပါးစပ်တွေလည်း မရှိပဲ ပလာတာကို မျက်နှာမှာ ကပ်ထားသလို
ပြောင်ချောကြီးနဲ့တဲ့။ အဲ့ဒီ ပလာတာမျက်ခွက်ကြီးကို တွေ့သွားတော့မှ ဦးအုန်း
သတိဝင်လာပြီးတော့ " အမယ်လေးဗျ .... သရဲ သရဲ " ဆိုပြီး ငယ်သံပါအောင် အော်ဟစ်ပြီး ထပြေးတော့တာ။
အိမ်ပြန်ရောက်တော့ သတိလစ်သွားပြီး သုံးရက်လောက် အပြင်းဖျားတော့တာပဲ။
ဦးအုန်း နာနာဘာဝနဲ့ တွေ့လာခဲ့ပြီး နောက်နေ့မနက်မိုးလင်းချိန်မှာတော့
အဲ့ဒီပေပင်ကြီး မိုးကြိုးပစ်ခံထားရသလိုမျိုး မည်းနေပြီး
အပင်ကြီးလည်းလဲကျနေတာကို တပ်ထဲက လူတွေအားလုံးတွေ့လိုက်ကြရတယ်။ ပေပင်နားမှာ
ပုတ်သင်ညိုတကောင်သေနေတာကိုလည်း အားလုံးမြင်လိုက်ရတယ်။
ကျွန်တော်တို့တပ်ထဲမှာ နေတာကြာပြီဖြစ်တဲ့ အဖွားကြီးတယောက်ပြောတာကတော့
သစ်ပင်မှာနေတဲ့ နာနာဘာဝတွေဆိုတာ လူကို ခြောက်လှန့်နှောင့်ယှက်ရင်
သူတို့ရုက္ခဥပဒေဒဏ်သင့်လို့ ဒဏ်ခတ်ခံရတတ်သတဲ့။ ကိုယ့်ကို ဘာမှ
အန္တရာယ်မပြုတဲ့ လူသားတွေကို ခြောက်လှန့်မိရင် အထက်နတ်ကြီးတွေက
ပြစ်ဒဏ်ပေးတာကို ခံရတယ်လို့ ပြောတာပဲ။ ဟုတ်သလား မှန်သလားဆိုတာတော့
မသိဘူးရယ်။
ဦးအုန်းအဖျားပျောက်လို့ မေးကြည့်တော့ သူတွေ့ခဲ့တာ
အတော်ကြောက်စရာကောင်းဆိုပဲ။ အဲ့ဒီပလာတာမျက်ခွက်ကြီး သူ့ဘေးနားမှာ
လာထိုင်နေတော့ အနံ့တခုမွှေးကြို င်နေတာကို သတိထားမိလိုက်တယ်တဲ့။
ဦးအုန်းပြောတာကို နားထောင်ရတော့
ကိုယ်တိုင်တောင်မှ
ပလာတာမျက်ခွက်ကြီးကို တွေ့ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ ဒါပေမယ့်
အဲ့ဒီတပ်ကနေ နောက်ထပ်တခြားတပ်တတပ်ကို ပြောင်းလာတဲ့အထိ နောက်ကင်းဘက်ကို
မရောက်ဖြစ်တော့ဘူး။ ပလာတာကို ကြောက်ရတာထက် " နောက်ကင်းဘက်ကို ခြေဦးလှည့်ရင် အိမ်ခေါင်းရင်းက ကြိမ်လုံးကို အရင်ကြည့်ထား " ဆိုတဲ့ အမေ့ရဲ့ သြဝါဒစကားကြောင့်ပါပဲ။
Credit to http://zawzawko007.multiply.com/journal/item/152
No comments:
Post a Comment