ကျွန်တော်တို့ကျေးလက် တောရွာတွေမှာ.... ဘုန်းကြီးကျောင်းတို့၊
အိမ်တို့ဆိုတာ ယောကျာ်း တစ်ဖက်စာ ကျွန်းတိုင်ကြီးတွေနဲ့ ဆောက်လုပ် ထားကြတာ
များတယ်.... အိမ်သစ် ဆောက်တော့မယ် ဆိုရင် တတ်နိုင်တဲ့သူတွေက အခြားအရပ်က
အိမ်ကြီး အိမ်ကောင်းကို ဝယ်ပြီး အိမ်ဆောက်ကြတာ...တကူးတက
တောတက်(တောထဲသွားတာကို ကျွန်တော်တို့ အရပ်မှာ ခေါ်တဲ့အခေါ်)မနေတော့ဘူးရယ်...။
ကျွန်တော်တို့ ညောင်စာရေး ရွာမှာ ဒီဘက်ခေတ်ထိ အဲ့ဂလို အိမ်ဟောင်းဝယ်ပြီး
ဆောက်ကြ တုန်းပဲ... အိမ်ဟောင်းကို ပြန်ဆောက်တာဆိုတော့ .. ဘယ်ကနေဘယ်လို
သိပြီး ရောက်ရောက်လာတတ်တဲ့ တောခေါင်း ဆိုတဲ့ပုဂ္ဂိုလ်ကို များများမပေးရသလို၊
အဖမ်းအဆီးလည်း မခံရဘူး....။အိမ်ဝယ်ကြပြီဆိုရင် ..အဓိက ဦးစားပေးဝယ်ကြတာက
ကျွန်းတိုင်ကြီးတွေကို.. ဝယ်ကြတာ..။
ကျွန်တော်ဘုန်းကြီးကျောင်းသားလုပ်ခဲ့တဲ့ ရွှေမဉ္ဇူကျောင်း
ဓမ္မာရုံကြီးဆောက်တုန်းကများဆို ကျွန်းတိုင်ကြီးတွေက ပေ(၅၀)ထိ ရှည်လို့
လှည်းမြီးတို နှစ်စီးရှေးနောက်ဆက် တိုင်တွေကို
တိုက်ရတာ...၊ဆရာတော်ကြီးဦးမဉ္ဇူက တိုင်အဆက်မလိုချင်လို့
တဖြောင့်တည်းအဆက်မရှိ ကျွန်းတိုင်ကြီးတွေနဲ့ ဆောက်လုပ်ပေး ရတာတွေ ကို
လူကြီးတွေ ပြောပြတာကြားဖူးတယ်။ အဲ့ ဓမ္မာရုံကြီး နှစ်ပေါင်း(၅၀)ကျော်
တဲ့ထိတိုင် ကျွန်တော်တို့ ညောင်စာရေးရွာ၊ရွှေမဉ္ဇူကျောင်းမှာရှိနေသေးတယ်..။
တခြားရွာက အိမ်ကိုအိမ်ပေါ်(အိမ်ဖျက်)ပြီးပြီ ဆိုတာနဲ့ ရွာထဲမှာ
လှည်းရှိတဲ့သူတွေက လူ နွား လှည်း၊လှည်း၊နွားမရှိတဲ့သူတွေကျတော့.. လူလွတ်
သန်မာသူယောကျာ်းမှန်သမျှ အိမ်တိုက် လိုက်ကြရတာ... အခပေးစရာမလို၊
(ဖရီး..ဆိုမှ တကယ့်ဖရီး...)အိမ်ရှင်က ပြန်လာကြရင် စားဖို့၊ သောက်တတ်
သူများအတွက် ဧည့်ခံဖို့ စီမံချက်ပြုတ်ပြီး စောင့်နေပေတော့...။ရွာက
အမျိုးသမီးတွေလည်း ဝိုင်းဝန်းကူညီ
ချက်ပြုတ်ပေးကြရတာ...အလှူကြီးတစ်လှူလိုပါဘဲ တပျော်တပါးကြီး..။
မနက်ဖက် “ဘယ်သူ့အိမ် အိမ်တိုက် ရှိတယ်” ဆိုရင် ကျွန်တော်တို့
ဘုန်းကြီးကျောင်းသားတွေလည်း ပျော်ကြပြီ....။ပျော်တာကလည်း
အကြောင်းကဒီလို...အဲ့အိမ်က မနက်ဖန်ဆို ဆွမ်း၊ဆွမ်းဟင်းတွေ များများနှဲ့
ဖွယ်ဖွယ်ရာရာ လောင်းတော့မယ်ဆိုတာ ကြိုခန့်မှန်းလို့ ရနေပြီလေ..အဟီး...။
တစ်ရွာတည်းသားတွေဆိုတော့ ဘယ်သူ့လှည်းနဲ့ အိမ်တိုင်
တိုက်မယ်...ဘယ်သူလှည်းနဲ့ အချင်ရနယ်ဒိုင်းမျှားစတာတွေ တင်မယ်ဆိုတာ
သတ်မှတ်ထားပြီးသား၊လှည်းအခြေအနေကို သိကြပြီးသား ..
“ ဘယ်သူ့အိမ်အတွက် ဘယ့်နေ့ ဘယ်သူတွေ အိမ်တိုင်တိုက် လိုက်ကြရမယ်ဟေ့”
လို့..ရွာမှာ ဩဇာညောင်းသူက ဆော် အော်လိုက်တာနှဲ့ လိုက်ကြ ရမယ့်သူများ
ကိုယ့်အိမ်က လှည်းကို ကတ်အိမ်ချထား၊အိမ်တိုင်တိုက်ဖို့်
တုတ်ကြိုးရှာထားရတယ်..။တစ်လှည်းဆီမှာ လှည်းမောင်းတဲ့သူနှဲ့ အကူ
နှစ်ယောက်နှုံး လိုက်ကြရတယ်..။
အိမ်တိုင် တိုက်ကြရမယ့်ရွာ အကွာအဝေးကို ချိန်ပြီး အပြန်မှာ လူရောနွားတွေပါ
နေပူ မမိအောင် ရွာကနေ စောစော ထွက်ကြရတယ်...အိမ်တိုင်တိုက် လှည်းတွေ
ပြန်လာကြပြီ ဆိုမှဖြင့် လှည်းတန်းကြီးကို ဟိုး....အဝေးကြီးကတည်း
လှမ်းမြင်နေရတတ်တယ်...။
တစ်နေ့တော့...ခါတိုင်းလို ..အိမ်တိုက်ရှိလို့ ...လှည်းတန်းကြီးနဲ့
အိမ်တိုက်သွားကြပြီး..ညနေစောင်း
နွားရိုင်းသွင်းချိန်လောက်မှာ...ကိုယ့်ရွာကို
ပြန်လာကြပါရော..။ရွာကလူတွေကလည်း ရွာပြင်ထွက်မြှော်နေတဲ့လူတွေလည်း
မျှော်လို့ရယ်..။လှည်းပေါ်မှာ အိမ်တိုင်ကို နှစ်ယောက်ခွထိုင်ပြီး ရှေးကလူက
နွားမောင်း၊ နောက်က လူက အချင်းချင်း ရှေ့လှည်းနောက်လှည်း ကြားအောင်
နောက်လိုက် ပြောင်လိုက် အော်လိုက် ဟစ်လိုက် စလိုက်နဲ့..။
အဲလို လှည်းတွေမောင်းလာကြတုန်း စိန်ကလေးရွာအလွန် နဲနဲမြင့်မောက်တဲ့
လယ်ကန်သင်းအဆင်းလည်းရောက်ရော.. လှည်းတစ်စီး မှောက် သွားပါလေရော။ လှည်းပေါ်က
လူနှစ်ယောက်လည်း အောက်ကို လွင့်စင်ကြကုန်တာပေါ့...နွားလှည်းမှာ ကားတွေလို
ခါးပတ်ပတ်လို့မှမရတာ..။ နွားမဖြုတ်ကြဘဲ လှည်းတွေ ခဏရပ်ပြီး
မှောက်တဲ့လှည်းကို ဝိုင်းကြ ကူကြ ထူကြပြီး-
“လှည်းပေါ်က လူနှစ်ယောက်.. ဘာဖြစ်သွားကြသေးလဲ” လို့ ဝိုင်းမေးမြန်းကြတော့
တစ်ယောက်က တော့ “ဘာမှ မဖြစ်ပါဘူး ကွာ၊ ခေါင်းတော့နဲနဲ
ပြားသွားတယ်”ဆိုပီးတော့ ပြားနေတဲ့ သူ့ခေါင်းကို ပွတ်ပြပြီး
ရွာရောက်ပြန်ခဲ့ကြရော။ခေါင်းပြားသွားတဲ့ လူက မယားနဲ့ ကလေးနှစ်ယောက်ကို
ထန်းတက်ပြီးလုပ်ကိုင် ကျွေး မွေးနေတဲ့သူဗျ..။ခေါင်းပြားပေမယ့်
အသက်အန္တရာယ်မရှိတော့လည်း အားလုံးက အေးဆေးပေါ့..။နောက်တယောက်တော့
..ခါးမျက်သွားလို့ အိပ်ယာထဲ နှစ်ပတ်လောက်လဲသွားတယ်။ ဇာတ်လမ်းက အဲ့မှာ
စလာတာ...။ ဒါပေမယ့် ..ဘယ်သူမှ
မသိသေးဘူးနော်...တရွာလုံးရှိသမျှလူတွေမသိကြတာ..။ အဲ့ဒီတိုက်လာတဲ့ သစ်တွေနဲ့
ဆောက်တဲ့အိမ်တောင်မှ အိမ်ဆောက်ပြီးလို့ နောက်(၃)နှစ်လောက်လည်း ကြာရော
ကျွန်တော်တို့ရွာကို ဆေးဆရာ တစ်ယောက်ရောက် လာပါလေရော..။ဆေးဆရာဆိုပေမယ့် သူက
ရွာစဉ်လှည့်ပြီး ပယောဂတွေ ဘာတွေလည်း ကုတတ်တယ်လို့ နာမည်ကြီးတယ်..။
အဲ့ဒီ ဆေးဆရာက ကိုခေါင်းပြား ထန်းတက်နေတဲ့ ထန်းပင်အောက်အရောက် အပေါ်ကို
မော့ကြည့်ပြီး “ ဟ မောင်ဖုတ်က ခုထိ အသက်ရှင် နေလို့ပါလားဟ”လို့လည်း
ပြောလိုက်ရော အရိုးတွေ အောက်ကို ပြုတ်ကြပြီး ထန်းပင်ပေါ်ကလူ
ပျောက်သွားပါလေရော... အိမ်က ကလေးနှစ်ယောက်လည်း နေ့ခင်းတုန်းက ဆော့နေတုန်းက
အကောင်းကြီးကနေ ချက်ချင်း နှစ်လောင်းပြိုင်
သေကုန်ကြပါလေရော...။အဲ့ဒီကျတော့မှ တရွာလုံး ကျွက်ကျွက်ကို
ညံကုန်ကြပါလေရော... ရွာထဲမှာ သုံးနှစ်သုံးမိုး စားစားသောက်သောက်နေလာတာ...
ကိုယ့်ရွာသား ဘာဖြစ်နေမှန်းလည်း မသိကြဘူးကိုး....။ အဲ့ဂလို အဲ့ဂလို ဖြစ်တာ
တွေ့ကြမြင်ကြတော့မှ... ဘုန်းကြီးကျောင်းကို ပြေးပြီး ပရိတ်ရေ၊ ပရိတ်ချည်၊
ပရိတ်သဲတွေ ဆရာတော်ဘုရားဆီကနေ အလှူခံပြီး ခြံထဲ၊ အိမ်ပေါ်၊ နွား၊လှည်း၊
ခလေးတွေမှာ ချည်ကြ...ပရိတ်သဲတွေ ရွာလမ်းမှာ ကြဲကြရ....ရွာကျောင်းက
ဆရာတော်တွေ ရွာထဲမှာလှည့်ပြီး
ပရိတ်ရွတ်ပေးရနဲ့...အုန်းအုန်းထကုန်ကြတော့တာ..။သူ့မိန်းမခမျာလည်း မျက်နှာက
ဇီးစေ့သာသာလောက်လို့ပဲ ပြောရတော့မယ်...
မဖြစ်နေရိုးလားလေ... ဒီကိုခေါင်းပြားနဲ့ သုံးနှစ်လုံးလုံး တအိမ်တည်း
တူတူနေလာပြီးတော့ ခု သူတစ်ယောက်တည်း ကျန်နေတာဆိုတော့
အနေရခက်ပြီပေါ့.....(သူလည်း တရားရိပ်သာတခုမှာ သီလရှင်ဘဝနဲ့
အရိုးထုတ်သွားလေရဲ့.... ကိုခေါင်းပြားလို အရိုးစုဖြစ်သွားတာတော့
မဟုတ်ဖူးနော်...။) တကယ်ဟုတ်မဟုတ် သိချင်သပဆိုရင်
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) မေးကြည့်ကြ ...။အဲ့ဒီဘုန်းဘုန်းက
ကျွန်တော်တို့ ရွာသားလေ..။
Credit to-One of Admin (သရဲ အကြောင်းပြောကြမယ်)
myanmarghoststory
No comments:
Post a Comment