Zawgyi & Unicode Changer

Sunday, April 27, 2014

" သရဲချက်ကြီး.... ချက်ကြီးသရဲ "




သူ့နာမည်က ကိုသန့်ဇင်...လူလတ်ပိုင်း ပိန်ပိန်ပါးပါး ပျော်ပျော်ပါးပါးနေတက်တဲ့ စရိုက်မျိုး ပိုင်ဆိုင်ထားသူ တကိုယ်တည်းသမား...ရန်ကုန်မြို့ အနီးမှာရှိတဲ့ ကျေးရွာတခုမှာ ကျေးရွာကောင်စီရဲ့စာရေး... 1989 ခုနှစ်တွင်ဖြစ်သည်.. ထိုကိုသန့်ဇင်နှင့်ကျွန်တော်တို့ ခရီးသွားရင်း ခင်မင်ခဲ့ကြသည်၊ တယောက်အကြောင်းတယောက်ပြောကြရင်း သတိထားမိပြီး စိတ်ဝင်စားမိသည်က သူ့မျက်နှာမှ ဒဏ်ရာဒဏ်ချက်များကိုပင်...အညိုအမည်းစွဲနေပြီး မျက်လုံးပတ်လည် နှင့်နှာခေါင်းတွင် ညိုမဲနေပြီး လက်ဝှေ့ထိုးပြီးပြန်လာသောသူတယောက်နှင့်ပင်တူနေလေသည်၊ စပ်စပ်စုစုနှင့် ကျွန်တော်မေးမြန်းသောအခါတွင်မှ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။ ရန်ကုန်မြို့အနီးရှိ ကျေးရွာတရွာတွင် ဦးချက်ကြီးဟုခေါ်သော လယ်ပိုင်ရှင်လူပျိုကြီးတဦး ရှိလေသည်...သွပ်မိုးပျဉ်ထောင် နှစ်ထပ်အိမ်ကြီးတွင် တဦးတည်းနေထိုင်ပြီး...ရုတ်တရက်သေဆုံးသွားခဲ့သည်၊ သူသေဆုံးသွားပြီးနောက် ဆွေမျိုးများက ဦးချက်ကြီးအားရည်စူးပြီး ရွာဦးဘုန်းကြီးကျောင်းသို့ ထိုအိမ်ကို လှူဒါန်းလိုက်လေသည်... လူမနေသော အိမ်ကြီးဆီမှ လှုပ်ရှားသံများ၊ လူရိပ်များ၊ လမ်းလျှောက်သံများကို... လမ်းသွားလမ်းလာများ အိမ်နီးနားခြင်းများ မကြာခဏဆိုသလိုကြားကြရ၏။ ခွေးများကလည်း ညအချိန် သဲသဲမဲမဲဆွဲဆွဲငင်ငင် ထိုးထိုးအူကြလေသည်ကို သက်သေပြုကာ ထိုအိမ်ကြီးတွင် ဦးချက်ကြီးမှာ အစွဲအလမ်းကြီးကာ မကျွတ်မလွတ်ဘ၀ဖြင့် ရှိနေသည်ကို သိကြရပြီး...အိမ်ကောင်းကြီးဖြစ်သော်ကြောင့် ဖျက်ဆီးခြင်းလည်း မပြုလိုကြပဲ... ကိုသန့်ဇင်နှင့်အတူ ကျေးရွာဆေးခန်းမှ သူနာပြု ဆရာမနှင့်သူ၏အမျိုးသားကျောင်းဆရာတဦးတို့ကို ထားလိုက်လေသည်၊ သရဲတစ္ဆေများကို အယုံအကြည်မရှိသော သူများဖြစ်လို့ မကြောက်ကြတဲ့အပြင် နေလို့ထိုင်လို့ပင် သာသာယာယာရှိခဲ့ကြပါသည်။ ကျောင်းဆရာနှင့်သူနာပြုဆရာမတို့ လင်မယား တာဝန်နှင့် တခြားနယ်ပြောင်းကြသောအခါတွင်မှ...ဦးချက်ကြီး ပညာစပြပါတော့သည်..ထိုကာလသည်..လေးနှစ်ကျော်အကြာတွင်မှ ဖြစ်ပေါ်လာရတော့သည်။ ထူးခြားမှုများစတင်လာကာ..ဦးချက်ကြီး တယောက် အိမ်အပေါ်ထပ်မှ တံခါးများ ပိတ်လိုက် ဖွင့်လိုက်တို့ကို စဉ်ဆက်မပြတ်ပြုတော့သည်... ကိုသန့်ဇင်

လည်း အိမ်ပေါ်တက်ကြည့်ရာ တံခါးများအားလုံးပိတ်လျှက်သားကိုမြင်ရလေသည်၊ သုံးလေးရက်ဆက်တိုက် ထိုသို့ပြုလုပ်သော်လည်း တံခါးများမှာ ပကတိအတိုင်း တက်ကြည့်လိုက်လျှင် ငြိမ်လျှက်...ကိုအောင်စိုး ယမကာလေးများမှီဝဲကာ အပေါ်ထပ်သို့ တက်အိပ်ပါတော့သည်... မျက်ကန်းတစ္ဆေမကြောက်ဆိုသလို..အမူးသောက်ပြီး အပေါ်ထပ်ရှိ ကုတင်ပေါ်တွင်အိပ်လေတော့ပါမှ...ကုတင်ဘေးတွင် တဒုံးဒုံးနှင့် သရဲချက်ကြီးသံပြင်းပြင်းနှင့်လမ်းလျှောက်ပြခြင်းကို ကြုံလိုက်ရသည်၊ ယမကာထွေထွေလေးနှင့် ကြည့်လိုက်သောအခါတွင်..သူ့အားငုံ့ကြည့်နေသော...တကိုယ်လုံးမဲပြီး အမွှေးများထူထပ်စွာပေါက်နေပြီး လူဝံကြီးတကောင်ကဲ့သို့အသွင်ရှိသော နီရဲသောမျက်လုံးအစုံဖြင့် ထိုချက်ကြီးသရဲကြီးအား မြင်လိုက်ရရာ...သောက်ထားသောအရှိန်များ ပြယ်ကာ ကြောက်စိတ်ဝင်လာပြီး အား ခနဲအော်ကာ အောက်ထပ် ဘုရားခန်းရှေ့သို့ ရွှေ့ အိပ်လိုက်တော့သည်...အပေါ်ထပ်မှ ထိုသတ္တ၀ါကြီး၏ တောက် ခတ်သံပြင်းပြင်းကိုလည်း မကြာခဏကြားနေရပြီး..အိမ်ရှေ့ သန်းခေါင်ကျော် အထိ ဂစ်တာတီးတက်သော လူငယ်တွေဆီသို့ ပြေးလျှင်ကောင်းနိုး၊ တွေးနေပြီး တဖက်သို့စောင်းကာလှည့်အိပ်... အိပ်ပျော်ရန်မနဲကြိုးစားချိန် ဒုတိယအကြိမ်တောက်ခတ်သံအကျယ်ကြီးအားကြားရအပြီး... လှေခါးမှ တဒုံးဒုံးဆင်းလာသံကို ထိတ်လန့်ဖွယ်ကြားရပြီး... သူအိပ်နေသော ခြင်ထောင်လှုပ်ရမ်းလာသည်ကို ..ဘာကြောင့်လှုပ်သလည်း လှည့်ကြည့်လိုက်ရာ... ခြင်ထောင်အပြင်ဘက်တွင် သူ့အားကျောပေးပြီး အိပ်နေသော...သရဲကြီးဦးချက်ကြီးကို မဲမဲအမွှေးစုတ်ဖွားဖြင့်လူဝံကြီးလောက်အရွယ် မြင်လိုက်ရပါသည်... နှစ်တွေကြာလို့ အမွှေးအမျှင်များပါပေါက်နေပြီဖြစ်သော..ထိုသရဲကြီးအား ကြောက်စိတ်ဖြင့် ရှိသမျှခေါင်းမွှေးများထောင်ကာ သူ့အား ကြောက်စေလိုသောကြောင့် အသေအချာအသံဖြင့်ရော ပုံသဏ္ဍာန်အရပါ ခြောက်လှန့်နေကြောင်း သိပြီးနောက်.. ဇောချွေးများပျံလာကာ..အပြင်ဖက်လမ်းမှ လူငယ်များ စကားပြောသံရှိရာသို့ အရောက်သွားမည်ဟုဆုံးဖြတ်ကာ ခြင်ထောင်ကို အသာမကာ အပြင်သို့ထွက်လိုက်လေသည်။ တံခါးဝသို့အရောက် အားရ၀မ်းသာဖြင့် တံခါးဖွင့်ရန်လက်လှမ်းလိုက်သောအခါ..နောက်က သရဲချက်ကြီးက လည်ဂုတ်မှဆွဲကာ ကြမ်းပြင်ပေါ်သို့တွန်းလှဲတာကို ခံလိုက်ရတော့သည်.. ကိုသန့်ဇင် ကြမ်းပြင်ပေါ်မှ လူးလဲထကာ ထိုမဲမဲသတ္တ၀ါ ကြီးက လည်ပင်းကို လက်ဖြင့်ကိုင်ပြီး အပေါ်သို့မြှောက်လိုက်တာ လက်တဖက်ဖြင့်မျက်နှာကို ထိုးပါလေတော့သည်...သရဲကြီးမှာ အရပ် ခုနှစ်ပေခန့် မြင့်ပြီး အလုံးအထည်ကြီးမားကာ မျက်လုံးကြီးများမှာ မီးဝင်းဝင်းတောက်နေသည်ကို အမှောင်ထုထဲတွင်မြင်နေရပြီး အမွှေးအမျှင်များဖြင့် တကိုယ်လုံးဖုံးလွှမ်းနေပြီး အလွန်ကြောက်စရာကောင်းနေသည်... ကိုသန့်ဇင်လည်း လက်သီး ချက်များကို ကြောက်အားလန့်အားဖြင့်ခုခံကာကွယ်နေရသည်...အလွန်ရက်စက်သော ချက်ကြီးမှာ... ကိုသန့်ဇင်အား လွတ်နေသောလေထဲမှ ကိုင်ပေါက်လိုက်တော့သည်...ပြန်ကုန်းထလာသော သူ့ကို လည်ပင်းညှစ်..မျက်နှာကို လက်ဝါးကြမ်းကြီးဖြင့်ရိုက်နှက်...ခံရသည်မှာ အလွန်နာကျင်လှသဖြင့်ပြန်လည်ခုခံရာ...ခေါင်းအုံးတခုကို ထိုးနေရသလို...လေကိုထိုးနေရသလိုသာအချိန်အတော်ကြာဖြစ်နေပြီး...တံခါးကိုသာဖွင့်ရန်အပူတပြင်း ကိုသန့်ဇင်ခမျှာကြိုးစားနေရရှာသည်...တံခါးကို လုံးဝအဖွင့်မခံသော သရဲကြီးချက်ကြီးနှင့် ဘတပြန်ကြားတပြန် လုံးထွေးသတ်ပုတ်နေကြသည်ကို အပြင်ဘက်မှ ဂစ်တာတီးသောလူငယ်များကြားကာ..တဦးတည်းနေသောအိမ်တွင် တခုခုတော့ဖြစ်ပြီဆိုပြီး..အိမ်အတွင်းသိုဝင်ကြည့်သူကကြည့်..လူကြီးများအားအကြောင်းကြားသူက ကြား...လုပ်ကာ..အိမ်အတွင်းသို့ဝင်ကြည့်သောအခါ..သတိလစ်မေ့မျောနေသော ကိုသန့်ဇင်ကိုကြမ်းပြင်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့်သာ မြင်ရပါလေတော့သည်။ ကိုသန့်ဇင်တယောက် ဆေးရုံပေါ်သို့အရေးပေါ်ရောက်ရှိသွားခဲ့ရသည်..ရဲနှင့်လူကြီးများက ရာဇ၀တ်မှုတခုဟု ယူဆခဲ့သော်လည်း...ကိုသန့်ဇင်သတိရလာချိန် စစ်ချက်ယူသောအခါတွင်မှ..အဖြစ်မှန်ကိုသိရှိခဲ့ကြပြီး...ရွာဦးဘုန်းတော်ကြီး၊ ရွာလူကြီးများ တိုင်ပင်ကာ သရဲကြီးချက်ကြီးပိုင်ဆိုင်သော အိမ်ကြီးအား ဖျက်ကာ သစ်ကောင်းများကို ဘုန်းကြီးကျောင်းသို့လှူပြီး အိမ်ပိုင်ရှင် သရဲကြီးအားလည်း အမျှအတန်းပေးဝေကာ၊ သစ်တိုသစ်စများနှင့် အိမ်အတွင်းရှိပစ္စည်းများကို မီးပုံဂှို့လိုက်ကြရသည်။ ဦးချက်ကြီးတယောက် နေစရာမရှိတော့သည်လား..ကျွတ်လွတ်သွားသည်လားတော့မသိ...အသံများမကြားရှိရတော့ပဲ..မြေကွက်လပ်တွင် လည်း ဘာမျှခြောက်လှန့်သံထပ်မကြားရတော့ပေ၊ ဆေးရုံပေါ်မှဆင်းလာတာနှစ်ရက်မျှသာရှိသေးသော ကိုသန့်ဇင်တယောက်လည်း သရဲမယုံကာမှ သရဲအကြီးစားနှင့်ကြုံလာရပြီး...သူ့အိမ်တွင် အရက်သေစာသောက်စားသည်ကို မကြိုက်သော သရဲကြီးဦးချက်ကြီးအကြောင်းကို..ပြန်ပြောင်းပြောပြသည်များကို...သေကံမရောက်သက်မပျောက်ခဲ့သည်ကိုပင် ကျေးဇူးတင်ရပါမည်ဟု နှစ်သိမ့်စကားပြောရင်း မျက်နှာ လည်ပင်း မှ ညိုမဲနေသော မြင်ကောင်းနေသေးသောလက်ရာကြီး အားကြည့်ကာ...ပေတပရိသတ်များကို ပြန်လည်ပြောပြလိုက်ရပါသည်။

No comments:

Post a Comment